Thursday, January 10, 2008

ပြည်သူများသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရေး ကျန်းမာရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု တိုးမြင့်ဖော်ဆောင်

နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံပေးနိုင်ရန် စီမံဖြည့်ဆည်းပေးလျက်ရှိသည်။ အဆင့်မြင့်ဆေးရုံသစ်ကြီးများ၊ အထွေထွေရောဂါကု၊ အထူးကုနှင့် သင်ကြားရေးဆေးရုံကြီးများ တိုးချဲ့ဖွင့်လှစ်ခြင်းအပါအ၀င် နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေရေး၊ ကုသရေးနှင့် ဆေးရုံသုံးပစ္စည်းကိရိယာများကိုလည်း ဖြည့်တင်းပေးထားပြီးဖြစ်သည်။
ဆေးပညာခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးတက္ကသိုလ်များနှင့် ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်များ ဖွင့်လှစ်ပြီးသင်ကြားပေးလျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံတွင် အဖြစ်များသည့် အဓိကရောဂါကြီးခြောက်မျိုး ကုသရာတွင်ထိရောက်သော ဆေးစွမ်းကောင်းများရရှိစေရန် နေပြည်တော်-တောင်ညို ကားလမ်းဘေး၌ဧက ၂၀၀ ကျယ်ဝန်းသော နိုင်ငံတကာအဆင့်မီ နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်ကို ဇန်န၀ါရီလ၄ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပရဆေးဥယျာဉ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က ၀မ်းပျက်ဝမ်းလျှောရောဂါ၊ ၀မ်းကိုက်ရောဂါ၊ သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊ ငှက်ဖျားရောဂါနှင့်တီဘီရောဂါများအတွက် ဆေးဖက်ဝင်အပင်မျိုးပေါင်း၇၁၉မျိုးနှင့် အပင်ပေါင်း၂၄၈၃၁ပင်တို့ကို မျိုးထိန်းစိုက်ပျိုးပေးထားသည်။
မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ဆေးဖက်ဝင်အပင်များအသုံးချပြီး တိုင်းရင်းဆေးဖြင့်ကုသတွေ့ရှိမှု၊ ဆေးဖုံများ၊ ဆေးနည်းများ တီထွင်ဖန်တီးကာစမ်းသပ်သုတေသန ပြုလုပ်လျက်ရှိသည်။ အနောက်တိုင်းဆေးဝါးများဖြင့် ကုသ၍ မပျောက်ကင်းနိုင်သည့် ရောဂါများအတွက် ထိရောက်သော တိုင်းရင်းဆေးဝါးများ၊ ကုထုံးများ ဖော်ထုတ်ကုသနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
နိုင်ငံတော်က ပြည်သူများရောဂါဘယကင်းဝေးပြီး သက်တမ်းပြည့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ဖော်ဆောင်ပေးလျက်ရှိရာ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: