ပါကစ္စတန်ယခင်ဝန်ကြီးချုပ်နှင့် မူရှာရက်ဖ်၏ပြိုင်ဘက်ဖြစ်သူ ဘူတိုသည် ရာဝါလ်ပင်ဒီမြို့တော်တွင် အသေခံ ဗုံးခွဲတိုက်ခိုက်ပြီး သေနတ်နှင့်ပစ်ခတ်သဖြင့် ဒီဇင်ဘာ ၂၇ရက်က ကွယ်လွန်ခဲ့သည်။ မူရှာရက်ဖ်က သူ၏အစိုးရသည် ဘူတိုအား အကာအကွယ်အလုံအလောက်ပေးခဲ့ကြောင်နှင့် သူမသေဆုံးရခြင်းမှာ သူမကိုယ်တိုင် ပေါ့ဆမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူမကို ထောက်ခံသူများအား လက်ပြနှုတ်ဆက်ရန် ကြာရှည်အချိန်ဆွဲနေမည့်အစား လူထုအစည်းအဝေးပွဲမှ သူမအမြန်ထွက်ခွာသွားသင့်ရာ မော်တော်ယာဉ်ထဲသို့ အသက်အသေဘဲ ၀င်ရောက်ခဲ့ရသည်မှာ ကံကောင်းထောက်မ၍ဖြစ်သည်ဟု စီဘီအက်စ် ၆၀မိနစ် အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် မူရှာရက်ဖ်က ပြောဆိုခဲ့သည်။
“ကျွန်တော်ဆိုလိုတာက ဘုရားသခင်က ကရုဏာတရား အပြည့်ရှိပါတယ်။ သူမဟာ လက်ပြနှုတ်ဆက်နေတယ် ဆိုပေမယ့် ကားဆီကိုသွားပါတယ်။ သူမဟာ ကားထဲကိုဝင်တာမဟုတ်ဘူး။ ဒီအချိန်ဟာ လိုရင်းအချက်ကို ရောက်လာပါပြီ။ သူမဟာ ကားအပြင်ဘက်မှာ ဘာကြောင့်ရပ်နေပါသလဲ”
“မော်တော်ကားအပြင်ဘက်မှာ ရပ်နေတဲ့အတွက် သူမကိုသာ အပြစ်တင်ဖို့ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိဘူး။ တာဝန်က သူမရဲ့ တာဝန်ပဲဖြစ်တယ်”ဟု သူကပြောသည်။
အတိုက်အခံလှုပ်ရှားသူများက အစိုးရ၏ ကနဦးပြောဆိုချက်ဖြစ်သော ယခုတိုက်ခိုက်မှုနောက်ကွယ်၌ အစ္စလာမ် စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ပါဝင်ကြောင်းနှင့် ဘူတိုသေဆုံးရသည်မှာ သေနတ်ပစ်ခံရသော ဒဏ်ရာကြောင့် မဟုတ်ဘဲ ပေါက်ကွဲမှုပြင်းထန်အားကြောင့် ဖြစ်သည်ဟူသောစကားကို လူသိရှင်ကြား ရှုတ်ချပြောဆိုသည်။
မူရှာရက်ဖ်က စုံစမ်းစစ်ဆေးသူများအနေဖြင့် အလျင်စလို ကောက်ချက်ချနိုင်ခြင်း ဖြစ်နိုင်ကြောင်းနှင့် အခင်းဖြစ် နေရာကို တိုက်ခိုက်ခံရပြီး နာရီအတော်ကြာတွင် ရေပိုက်ဖြင့် ထိုးပစ်ခဲ့ခြင်း အပါအ၀င် သက်သေအထောက်အထားများကို စီမံကိုင်တွယ်ပုံ ညံ့ဖျင်းခဲ့ကြောင်း ၀န်ခံပြောကြားသည်။

No comments:
Post a Comment