Friday, January 11, 2008

ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ပေးလျက်ရှိ

မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်ရာ လူငယ်လူရွယ်များအတွက် ပညာရေးအခွင့်အလမ်းများ တိုးတက်များပြားစွာ ရရှိနေသည်။ ထိုနည်းတူ ကျေးလက်ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွား မြင့်မားစေရေးအတွက် ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့်အတူ လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။
နေပြည်တော် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာ၊ နေပြည်တော်လယ်ဝေးမြို့နယ် မြွေရိုးလေးကျေးရွာနှင့် ငှက်ပျောတော ကျေးရွာတို့ရှိ ကျေးရွာစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၆) ရက်နေ့က အဆိုပါကျေးရွာများတွင် ကျင်းပခဲ့သည်။
ကျေးလက် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များကို (၂၀၀၄) ခုနှစ်မှ စတင်ထူထောင်ဖွင့်လှစ်လျက်ရှိရာ နိုင်ငံတစ်ဝန်းကျေးရွာပေါင်း (၆၀၀၀၀) ကျော်အနက် ယခုအခါ ကျေးရွာပေါင်း (၅၅၇၅၅)ကျော်တွင်ကိုယ့်အား ကိုယ်ကိုး စာကြည့်တိုက်များ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ယင်းကဲ့သို့ ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ နိုင်ငံတော်၏အား၊ ဒေသခံပြည်သူများ၏အားနှင့် စေတနာရှင်အလှူရှင်တို့၏ အားဟူသော အားသုံးအား ပေါင်းစည်းညီညွတ်မှုကြောင့်ပင် ဖြစ်သည်။
စာကြည့်တိုက်များမှ ရရှိသော စာပေအလင်းရောင်သည် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုလျက်ရှိရာ နိုင်ငံတော်က စာကြည့်တိုက်များ ပေါ်ထွန်းလာစေရေး အလေးထားဖော် ဆောင်ပေးလျက်ရှိသည်။
ယနေ့အချိန်အခါတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ပေး လျက်ရှိရာ နိုင်ငံတော်နှင့်အတူ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များ ပေါင်းစည်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမည် ဖြစ်ပေသည်။

No comments: