Wednesday, December 15, 2010

လူထုအတွက် ဆူးခက်များ

လူထုအတွက် ဆူးခက်များ

မွန်မြတ်တဲ့ လူမှုရေး လုပ်ငန်းတွေကို ဆောင်ရွက်ခြင်းဟာ လူအများက ကြိုဆို ချီးကျူးကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလူမှုရေး လုပ်ငန်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ဖြစ်စေသလား ဆိုတာကိုတော့ ထည့်သွင်း စဉ်းစားကြမှာ ဖြစ်ပါတယ်။ လူပေါင်း (၁၀၀) လောက်အတွက် လူပေါင်း ထောင်ချီပြီး ဆိုးကျိုး ဖြစ်စေမယ်ဆိုရင် ဒီလူမှုရေး လုပ်ငန်းဟာ မလုပ်ထိုက် မလုပ်အပ်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်(၁၈) ရပ်ကွက်၊ ကမ္ဘောဇ(၂) လမ်းအမှတ် (၃၇၆)ရှိ နေအိမ်မှာ ဖြူဖြူသင်း (တောင်ဥက္ကလာပ NLD ဝင်ဟောင်း) ခေါင်းဆောင်တဲ့ Peen Group၊ ဖဲကြိုးနီ) အဖွဲ့က HIV/AIDS ဝေဒနာသည်တွေ ထားရှိမှုနဲ့ ပတ်သက်ပြီး အဲဒီလမ်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့ ဘီဘီစီ အသံလွှင့်ဌာနရှိ ကျေးတမာနဲ့ ပေဖူးလွှာ ကဏ္ဍကို စာရေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။

အဲဒီစာမှာ HIV/ AIDS ဝေဒနာသည်တွေကို စောင့်ရှောက်ပေးတဲ့ ဖြူဖြူသင်းကို ချီးကျူး ဂုဏ်ယူမိကြောင်း၊ ဒါပေမဲ့လည်း လူနာတွေ ထားရှိတဲ့ မြေနေရာနှင့် လူနာ အရည်အတွက်ဟာ မျှတမှု မရှိ၊ မစင်စွန့်ပစ်ရာက အစ စနစ်တကျ မရှိတဲ့ အတွက် ပတ်ဝန်းကျင်ကို ရောဂါကူးစက် ပျံ့နှံ့နိုင်ကြောင်းကို ကျော်သူ အပါအဝင် ရုပ်ရှင် သရုပ်ဆောင် အချို့ကလည်း အနည်းငယ် မဆိုစလောက် ထောက်ပံ့မှုတွေကို ပေးပြီး ပြည်ပအသံလွှင့် ဌာနတချို့နဲ့ တွေ့တဲ့အခါ ပတ်ဝန်းကျင်ကို ပုတ်ခတ်ပြော ဆိုခဲ့ကြောင်း၊ သက်ဆိုင်ရာက လူနာတွေကို ပြောင်းရွှေ့ ပေးရမယ်လို့ ပြောဆိုပြီး နောက်ပိုင်းမှာ ပြန်လည် ချေပနိုင်ရန် အတွက် လူနာ (၁၀၀) ဦးခန့် အထိ စုစည်းထားရှိလာခဲ့ကြောင်း၊ လူနာတွေကို ကိုယ်ချင်းစာစေရန်အတွက် ပြောဆိုနေသူ တွေ အနေနဲ့လည်း ဒီပတ်ဝန်းကျင်၊ ဒီလမ်းထဲမှာ တစ်လလောက် လာရောက် နေထိုင် စေချင်ကြောင်း၊ ဒါမှမဟုတ် လူနာ (၁၀) ဦးခန့်စီ ခေါ်ယူစောင့်ရှောက် စေလိုကြောင်းလို့ ပတ်ဝန်းကျင်က ပြည်သူတွေက ဆန္ဒဖော်ထုတ် လာကြတယ် လို့လည်း သိရပါတယ်။

ရပ်ကွက် ပြည်သူတွေ အနေနဲ့ (၅) နှစ်ကျော် (၆) နှစ်နီးပါးမျှ ဒီလူမှုရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး သည်းခံခွင့်လွှတ် ကြတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ၂၀၁၀ ခုနှစ် အတွင်းမှာ လူနာတွေဟာ ပေခြောက်ဆယ် ပတ်လည် အိမ်ကလေးနဲ့ မမျှအောင် များပြား လာတယ်လို့ ဆိုပါတယ်။ ဒီလို အနေအထားမှာ ဖြူဖြူသင်း အနေနဲ့ နေရာ တစ်နေရာ ရွေးဖို့လိုတယ်။ အိမ်နဲ့မဆန့် ဖြစ်နေတဲ့ ဝေဒနာရှင်တွေနဲ့ ပတ်သက်ပြီး အထောက်အပံ့တွေ ရနေရင်လည်း လူနာတွေကို စနစ်တကျ ထားခဲ့ခြင်း မရှိခဲ့ဘူးလို့ ကြားသိရပါတယ်။ အိမ်သာနဲ့ မစင်စွန့်လွှတ်တာ တွေဟာလည်း မဆင်မခြင် ဖြစ်လာတယ်။ အိမ်ရှေ့မြောင်းထဲကို မစင်ရေတွေ ကော်ပိုက်နဲ့ အိမ်သာမှ တစ်ဆင့် ဖောက်ထုတ်ခဲ့တာ တွေကြောင့် ရပ်ကွက်ပြည်သူတွေ၊ လမ်းသွား လမ်းလာတွေ ဝမ်းရောဂါ ဖြစ်ဖို့ အစပျိုးနေသလို ဖြစ်နေတယ်။ ဒါကြောင့်လည်း မပြောလို့ မရတဲ့ အနေအထား ဖြစ်လာတယ်။ ပြောပြန်တော့လည်း အဆင်ပြေအောင် လုပ်မပေးတဲ့ အပြင် ပတ်ဝန်းကျင်ကို စော်ကားသလို ပုံစံမျိုး အသံထွက်လာတယ်။ ကျော်သူနဲ့ ရုပ်ရှင် သရုပ်ဆောင် အချို့ကလည်း ရပ်ကွက်တွင်း လူတွေအပေါ် ပုတ်ခတ်ပြောခဲ့တယ်။ ၂၅/၁၁/၂၀၁၀ ရက်နေ့က ၎င်းအိမ်ရှိ လူနာတွေကို သက်ဆိုင်ရာက နှင်ထုတ်မယ်လို့ ထင်ပြီး ပြန်လည် တိုက်ခိုက်ဖို့ ဆိုကာ အခြားနေရာက လူနာတွေကို တမင် စုစည်းခဲ့တယ်လို့ ပြောပါတယ်။ ဒီတော့ လူအုပ်ကြီး တရုန်းရုန်း ဖြစ်နေတဲ့ အနေအထား တစ်ခုဟာ လမ်းသူလမ်းသား ပြည်သူတွေကိုပါ စော်ကားနေတယ်လို့ ဆိုပါတယ်။

အမှန်တကယ် စဉ်းစာကြည့်မယ် ဆိုရင် လူမှုရေးကို ဗန်းပြပြီး နိုင်ငံတော် အပေါ် ဆန့်ကျင်ဖို့၊ လူမှုရေးကို ဗန်းပြပြီး အထောက်အပံ့ ငွေကြေးတွေရဖို့ လုပ်နေတယ် ဆိုတာ ထင်ရှားနေပါတယ်။ ဒီလို ပြွတ်သိပ် ထားခြင်းဖြင့် ရောဂါသည်တွေ အတွက် ရောဂါ ပိုမိုဆိုးဝါးစေသလို ဘေးပတ်ဝန်းကျင် ပြည်သူတွေ အတွက် အန္တရာယ် များလှပါတယ်။ နောက်ပြီး စည်းကမ်းတကျ ဆောင်ရွက်တဲ့ လူမှုရေး လုပ်ငန်းလည်း မဟုတ်ပါ။ ပတ်ဝန်းကျင်လည်း မကြည်၊ ကောင်းကျိုးထက် ဆိုးကျိုး ပိုကြီးတယ် ဆိုတာလည်း နားမလည်၊ လူသားချင်း စာနာဖို့၊ လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးတွေနဲ့ အစိုးရကိုထ ဆန့်ကျင် တိုက်ခိုက်ဖို့၊ လူနာတွေနဲ့ ရင်းပြီး အထောက်အပံ့ ရဖို့၊ လူမှုရေး လုပ်ငန်းတွေ လုပ်တယ်ဆိုတဲ့ နာမည် ကောင်းရဖို့ ကိုသာ ကြည့်နေတယ် ဆိုတာ ထင်ရှားနေပါတယ်ဗျာ။ လူမှုရေး လုပ်တယ်ဆိုတာ စေတနာ မှန်မှန်နဲ့ လုပ်ဖို့၊ ပတ်ဝန်းကျင် မထိခိုက်စေဖို့၊ လူမှုရေး လုပ်ငန်းကို ဗန်းပြပြီး အမြတ်မထုတ်ဖို့တော့ လိုတာပေါ့ဗျာ။ ဖြူဖြူသင်းတို့ရဲ့ လုပ်ရပ်တွေဟာ လူမှုရေး ဗန်းပြပြီးတော့ ရပ်ကွက်နေ ပြည်သူလူထုတွေ စိတ်အနှောင့်အယှက် ဖြစ်အောင်၊ ကျန်းမာရေး ထိခိုက်အောင် လုပ်နေခြင်း ဖြစ်သောကြောင့် ယင်းတို့၏ လုပ်ရပ်ဟာ လူထုအတွက် ဆူးခက်များပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments: