Wednesday, December 26, 2007

ကြက်ငှက်တုပ်ကွေးကာကွယ်ရေး ကြိုတင်သတိရှိကြရမည်....





ဒီဇင်ဘာ (၁၅)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကျိုင်းတုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ကြက်ငှက် တုပ်ကွေးမှ လူသို့ကူးစက်ပြန့်ပွားမှု အချိန်တိုအတွင်း ကာကွယ်ကုသထိန်းချုပ်နိုင်ခဲ့သော သတင်းဖော်ပြပါရှိခဲ့ သည်။ အဆိုပါ သတင်းဖော်ပြချက်ကို ဖတ်ရှု့ရသော ပြည်သူအချို့သည် ကြက်ငှက်မှဖြစ်ပွားသောရောဂါ လူသို့ ကူးစက်သည်မှာ ဟုတ်ရဲ့လား၊ ရောဂါပုံစံက ဘယ်လိုလဲ စသဖြင့် ပြောဆိုနေကြသည်ကို တစ်ဆင့်ကြားခဲ့ရာမှ မိမိတို့သိရှိထားသမျှ ပြည်သူကို တစ်ဆင့် ပြန်လည်အသိပေးရေးသားရန် ရည်ရွယ်ပါသည်။
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ ၂၀၀၆ နိုဝင်ဘာ (၁၃)ရက်မှ (၂၄)ရက်အထိ ဖွင့်လှစ်ခဲ့သော ကြက်ငှက်တုပ်ကွေးရောဂါဆိုင်ရာ စာနယ်ဇင်းသင်တန်း (Media Training Workshop on Avian Influenza,Child Reporting and Ethics)သို့ မိခင်ဌာနကိုယ်စားပြု တက်ရောက်ခွင့် ရရှိခဲ့ကြသည်။

သင်ကြားပို့ချခဲ့
အဆိုပါသင်တန်းတွင် တိရစ္ဆာန်အချင်းချင်း ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအချက်များ၊ တိရစ္ဆာန်မှ လူသို့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအချက်များ၊ ကြက်ငှက်တပ်ကွေးရောဂါ၏ တိရစ္ဆာန်နှင့် လူပေါ်တွင်ဖြစ်ပေါ်တတ်သော ရောဂါသွင်ပြင်လက္ခဏာများ၊ ကြိုတင်ကာကွယ်ပုံများ စသည်တို့ကို အသေးစိတ် သင်ကြားပို့ချခဲ့ပါသည်။
ကြက်ငှက်တုပ်ကွေးရောဂါသည် အမျိုးအစား-အေ ဗီဇရှိသည့် တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ကြက်ငှက်များ၏ ကူးစက်ရောဂါဖြစ်သည်။ အိမ်မွေး ကြက်၊ ဘဲ၊ ငှက်အပါအ၀င် တိရစ္ဆာန်များတွင် အဆိုပါရောဂါ ဖြစ်ပွားပါက လက္ခဏာများမှာ အမွှေးအတောင်များပွရောင်းရောင်းဖြစ်နေခြင်း၊ ဥထွက်နှုန်းကျဆင်းလာခြင်း၊ အသက်ရှုနှုန်း မသိမသာပြင်းထန်လာခြင်းတို့ ဖြစ်သည်။ ဤပထမအဆင့်တွင် ရောဂါလက္ခဏာမှာ သိမ်မွေ့ ညင်သာသည့်အတွက် ရောဂါရှိနေမှန်း သတိမထားမိဖြစ်တတ်သည်။ ယင်းနောက် ရောဂါဖြစ်ပွားမှုနှုန်းထား မြင့်မားသော ဗိုင်းရပ်(စ်)ပိုးများအဖြစ်သို့ ဗီဇပြောင်းပြီး ဆေးပညာအခေါ်အရ H2 N2ရောဂါအမည်ရ ကြက်ငှက်တုပ်ကွေးအဖြစ် တိရစ္ဆာန်များအား သေကြေပျက်စီးစေခဲ့သည်။ စိုးရိမ်စရာကောင်းသည်မှာ အဆိုပါ ရောဂါရှိနေသော တိရစ္ဆာန်များနှင့် ထိတွေ့နီးစပ်သော လူများမှတဆင့် ကြက်ငှက်တုပ်ကွေးရောဂါသည် လူသို့ ကူးစက်စေခြင်းပင် ဖြစ်သည်။ ၁၉၉၇ ခုနှစ်က ဟောင်ကောင်တွင် ၁၈ မှုဖြစ်ပွားပြီး ခြောက်ဦးသေဆုံးခဲ့သည်။
ကြက်ငှပ်တုပ်ကွေးရောဂါ လူတွင်ဖြစ်ပွားသော လက္ခဏာများမှာ ကိုယ်အပူချိန် ၃၈ ဒီဂရီ ဆဲလ်ဆီးယပ်(စပ်) ထက်ပို၍ အဖျားကြီးခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အသည်းအသန်ချောင်းဆိုးခြင်း ၊ အသက်ရှူမြန်ခြင်း စသည်ဖြင့် သာမာန်လူတို့တွင်ဖြစ်သော တုပ်ကွေးရောဂါနှင့် ဆင်တူသည်။ အချို့လူနာများ တွင် ၀မ်းပျက် ၀မ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှာခေါင်းနှင့် သွားဖုံးများမှ သွေးယိုခြင်း စသဖြင့် လက္ခဏာများ ပြတတ်သည်။ အဆိုပါ အသွင်အပြင်မှ ရောဂါအစပျိုးပြီး ငါးရက်ပတ်ဝန်း ကျင်တွင် အသက်ရှူရခက်ခဲမှုများ ဖြစ်လာတတ်သည်။ H2 N2 ရောဂါပိုးကူးစက်ခံရသောလူနာ၏ ရောဂါ အဆင့်ကူးပြောင်းမှုမှာ မြန်ဆန်လွန်းသည်။ ခြောက်ရက်ဝန်းကျင်တွင် အသက်ရှူရခက်ခဲမှု အသည်းအသန် ဖြစ်တတ်သည်။ တူရကီနိုင်ငံတွင် ရောဂါစတင်ပြီင်္း သုံးရက်မှ ငါးရက်အတွင်း အသက်ရှူရပ်ခြင်းကို ဆေးပညာ ရှင်များ သုံးသပ်တွေ့ရှိခဲ့သည်။
ထို့ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါကို လူသားတို့ အထူးဂရုပြု လေ့လာကြဖို့ လိုအပ်ပါသည်။

ကျရောက်စေ
ရောဂါပိုး စတင်သယ်ဆောင်လာသူများမှာ ရာသီင်္အလိုက် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေထိုင်လေ့ ရှိသော ဆောင်းခိုငှက်များ၊ ရေကြက်များပင်ဖြစ်ရာ သူတို့ပျံသန်းရာ လမ်းကြောင်းတစ်လျှောက် ရောဂါဖြစ်ပွားမှုနှုန်းထား မြင့်မားသော H2 N2 ဗိုင်းရပ်(စ်)ပိုးများကို ကျရောက်စေခဲ့သည်။ အဆိုပါ ပိုးများသည် ပတ်ဝန်းကျင် ၄ ဒီဂရီ ဆဲလ်ဆီးယပ်(စ်)ရှိ အပူချိန်တွင် ၃၅ရက်ကြာ အသက်ရှင်နေနိုင်သည်။
အိမ်မွေးတိရစ္ဆာန် ကြက်၊ ငှက်၊ ဘဲများက အမှိုက်သရိုက်များထဲမှ သင့်နိုးရာရာကို မွှေနှောက်စားသောက်ခြင်း ဖြင့် အဆိုပါငှက်ရိုင်းများနှင့်လည်း ရောနှောမိတာမျိုးရှိရာမှတဆင့် ကြက်ငှက်တုပ်ကွေးရောဂါ ရရှိမှုတို့ ပေါ်ပေါက်လာသည်။
အဆိုပါ တိရစ္ဆာန်များ သေဆုံးပြီး လူတို့နှင့် ထိတွေ့မှုရှိပါက ကူးစက်ခံရပြီး ဖျားနာနိုင်ပါသည်။ ကြက်ငှက်တုပ် ကွေးရောဂါကူးစက်နိုင်သည့် လမ်းကြောင်းများမှာ ဆောင်းခိုငှက်များမှတဆင့် ရောဂါကူးစက်နိုင်ခြင်း၊ ဘဲ၊ ငှက်၊ စာကလေးတို့မှတဆင့်သော်လည်းကောင်း၊ ကြက်ဘဲများ သယ်ဆောင်လာသော ယာဉ်များမှသော် လည်းကောင်း ၊ ကြက်ခြံတွင်း ၀င်ထွက်သူများ၊ ကြက်ဘဲစာ သယ်ယူပို့ဆောင်ခြင်းမှသော် လည်းကောင်း ကူးစက်နိုင်ကြောင်း သိရသည်။
တိုက်ရိုက် ကူးစက်မှုအဖြစ် ဆောင်းခိုငှက်များ ပျံသန်းနားနေရာတွင် ကြက်ဘဲများနှင့် ထိတွေ့ခြင်း၊ ငှက်ရိုင်းများ လာရောက်ခိုနားသော ရေကန်၊ ရေအိုင်များနှင့် က်ြဘဲတို့ထိတွေ့ခြင်း၊ ၀ယ်ယူခြင်း သို့မဟုတ် လက်ဆောင်ရ ခြင်းဖြင့် ရောဂါရရှိသော ကြက်ဘဲကို မိမိ ကြက်ဘဲခြံအတွင်းသို့ သွင်းမိခြင်း စသဖြင့် ကြက်ငှက်တုပ်ကွေး ရောဂါကို ရရှိစေသည်။

ကူးစက်နိုင်
သွယ်ဝိုက်ကူးစက်မှုအဖြစ် ရောဂါဖြစ်နေသည့် ကြက်ခြံသို့ ၀င်ထွက်သွားလာနေသော ကြက်ဥကောက်သူ၊ ကြက်စာပို့သူ၊ ကြက်ရောင်းဝယ်သူတို့မှတဆင့် ကြက်ဘဲခြံသို့ ကူးစက်ခြင်း၊ ရောဂါပိုးရှိနေသော၊ ကပ်ငြိနေသော ကြက်ဘဲခြံ၊ ဈေး၊ သားသတ်ရုံ၊ ဓါတ်ခွဲခန်း စသည့်နေရာများသို့ သွားရောက်ခဲ့သူများ၏ အ၀တ်အစား၊ ဖိနပ်၊ စက်ဘီး၊ ဆိုင်ကယ်တို့မှ ရောဂါပိုးပါလာခြင်းဖြင့်လည်း ကူးစက်နိုင်သည်။
ကြက်၊ ဘဲ ၊ငန်း၊ ငုံး၊ ရစ်၊ ခို၊ စာကလေးနှင့် ကြောင်၊ ၀က်၊ ဝေလငါး၊ ဖျံတို့တွင်လည်း ရောဂါပိုးတွေ့ရှိနိုင်သည်။ ရောဂါအမျိုးအစားနှင့် ရောဂါလက်ခံကောင်တာပေါ်မူတည်၍ ရောဂါလက္ခဏာပြခြင်း၊ မပြခြင်း ဖြစ်တတ်သည်။ ရေတွင်ကျက်စားသော ငှက်ရိုင်းများနှင့် ၀က်တို့သည် သဘာဝအားဖြင့် ရောဂါပိုး သယ်ဆောင်ထားနိုင်သော လက်ခံကောင်များဖြစ်သည်။
ကြက်ငှက် တုပ်ကွေးရောဂါသည် ခြံရှိ ကြက်ဘဲအားလုံးကို တစ်ပြိုင်တည်းဆိုသလို သေစေနိုင်သည့် ရောဂါဖြစ် သော ကြက်ခြံမှ အခြားသောခြံများ၊ ထိုမှတဆင့် တစ်နိုင်ငံလုံးအထိ ရောဂါကူးစက် ပျံ့နှံ့သွားနိုင်သည်။

အန္တရာယ်
အဆိုပါပြင်းထန်သော H2 N2 ကြက်ငှက်တုပ်ကွေးရောဂါသည် လူကိုပါ ကူးစက်နိုင်ပြီး အသက်သေဆုံးနိုင်စေ ၍ အန္တရာယ်ကြီးမားပါသည်။ ထို့ကြောင့် တိရစ္ဆာန်မှ တိရစ္ဆာန်သို့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအဖြစ်-
၁။ ကြက်သေ၊ ဘဲသေ တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် လိုအပ်သည်။
၂။ မိမိ၏ကြက်ဘဲများကို ပြင်ပမှ ငှက်ရိုင်းများ၊ တိရစ္ဆာန်များနှင့် တွေ့ထိမှုမရှိအောင် သတိပြုပါ။
၃။ ကြက်ဘဲများထားရာ နေရာကို မှန်မှန် ဆေးကြောကြရပါမည်။

တိရစ္ဆာန်မှ လူသို့ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအဖြစ်-
၁။ မွေးမြူထားသော ကြက်ဘဲများ၏ အမွှေးအတောင်များ၊ မစင်များနှင့် အခြားခြံတွင်းရှိ မည်သည့်ပစ္စည်းမျိုး မဆို ကိုယ်တွယ်င်္ပြီးတိုင်း လက်ကို စင်ကြယ်အောင် ဆေးကြောရန်လိုသည်။
၂။ ကြက်ဘဲများ ချက်ပြုတ်စားပါက ကျက်အောင်ချက်ပါ။ ၇၀ ဒီဂရီ ဆဲလ်ဆီးယပ်(စ်)နှင့်အထက် ချက်လျှင် ရောဂါပိုးကို သေစေနိုင်သည်။
၃။ မွေးမြူခြံများတွင် ကြက်ငှက်စောင့်ရှောက်မှုကို တစ်ဦးတည်မှ တာဝန်ယူပါ။ ကျန်းမာရေး ပြည့်စုံသူဖြစ်ရ မည်။ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကြက်ဘဲခြံများကို သွားခြင်းမှ ရှောင်ကြဉ် ရမည်။
၎။ ရောဂါကြောင့်သေသော ကြက်ဘဲများကို မစားရ၊ မွေးမြူရေးခြံနှင့်ဝေးရာတွင် မြေကျင်းနက်နက်တူး၍ မီးရှို့ပြီး မြေမြှပ်ပစ်ရန် လိုအပ်သည်။
၅။ ကြက်ဘဲများ ထိတွေ့ကိုင်တွယ်တိုင်း နှာခေါင်းစည်းကဲ့သို့ အကာအကွယ်ပစ္စည်း အသုံးပြုရမည်။
၆။ ကြက်ဘဲခြံတွင် ၀င်ပြီးတိုင်း ခြေလက်များကို ဆပ်ပြာနှင့်ဆေးကြောသန့်စင်ရမည်။
၇။ ကြက်ဘဲများနှင့် အမြဲထိတွေ့နေရသူများ အထက်ပါလက္ခဏာများနှင့် ဖျားနာခဲ့ပါက နီူးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆေးကုသမှုခံယူရန်လိုအပ်လှပါသည်။
အဆိုပါ H2 N2ကြက်ငှက်တုပ်ကွေးရောဂါသည် ကမ္ဘာတွင် ၂၀၀၃ခုနှစ်မှ ၂၀၀၇ခုနှစ် ဒီဇင်ဘာ ၂၀ ရက်အထိ တစ်ကမ္ဘာလုံးတွင် လူသို့ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှု ၃၅၀ဖြစ်ပွားခဲ့ပြီး လူ၂၀၆ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။
ထို့ကြောင့် အဆိုပါ ဗိုင်းရပ်(စပ်)ပိုးသည် မျိုးဗီဇပြောင်းလဲပြီး လူသားအချင်းချင်းကူးစက်သော တစ်ကမ္ဘာလုံး အနှံ့ ဖြစ်ပွားသည့် ကပ်ရောဂါတစ်ခုအသွင် ရောက်ရှိသွားမည်ကို သိပ္ပံပညာရှင်များ စိုးရိမ်နေကြသည်ဖြစ်ရာ မိမိတို့ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံအတွင်း အဆိုပါရောဂါဆိုးကြီး ထပ်မံမဖြစ်ပွားရအောင် ကျန်းမာရေး သတိရှိစွာဖြင့် ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းအသိပေး ရေးသားလိုက်ရပါသည်။

No comments: