

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း မြန်မာ့ရေးရာနှင့် အပြည်ပြည်ဆိုင်ရာလေ့လာမှုသင်တန်းအမှတ်စဉ်(၁၃) ၊
နိုင်ငံတကာ ဆက်ဆံရေး သင်တန်း အမှတ်စဉ် (၈) နှင့် အခြေခံ သတင်းစာ ပညာသင်တန်းအမှတ်စဉ် (၁၁) သင်တန်းများ ဖွင့်ပွဲ
အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ညောင်နှစ်ပင် စခန်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး အသင်း သင်တန်းကျောင်း ပြည်ထောင်စု ခန်း မ ၌ ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း
အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
အစီအစဉ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် ဦးစားပေးဆောင်ရွက်ကြမြဲဖြစ်ကြောင်း၊ ဤကဲ့သို့ဆောင်ရွက်ရာတွင်လည်း မိမိနိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပုန် ၊ အနာဂတ်ကာလသုံးပါးစလုံး ဆက်စပ်ဖြစ်ပေါ်နေသောပကတိအခြေအနေနှင့် ဆီလျော်ကိုက်ညီသည့် မူဝါဒ ၊ လမ်းစဉ်များနှင့်သာ လက်တွေ့အကောင်အထည်ဖော်ရစမြဲပင် ဖြစ်ကြောင်း ၊ အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းစွာဖြင့် အစဉ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့နိုင်ငံသားများကသာ အလိုလားဆုံးဖြစ်ကြောင်း ၊ နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှု ပကတိအခြေအနေမှန်ကိုလည်း နိုင်ငံအတွင်း၌ နေထိုင်ကြသည့် နိုင်ငံသားများကသာ အသိဆုံးဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတော်အပေါ် ဦးဆောင်ဦးရွက် ပြုနေကြသူများ သည်လည်း နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှုများ၌ ကိုယ်တိုင်ပါဝင် ဖြတ်သန်းလာခဲ့ကြသည့် အတွေ့အကြုံ ရင့်ကျက်ကြသူများဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် မွန်မြတ်သော စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်နေကြသူများဖြစ်ပါကြောင်း၊မှန်ကန်သည့်မူ၊လက်တွေ့ကြသည့် အကောင်အထည်ဖော်ဆောင်ရွက်မှု များကြောင့် ရရှိလာသည့် အကျိုးတရားများ ဖြစ်သော တည်ငြိမ်အေးချမ်းမှု၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများသည် မည်သည့် ခေတ် မည်သည့်အခါနှင့်မျှ မတူအောင် ဖြစ်ထွန်းနေပြီ ဆိုခြင်းကို ကြည်လင်သည့်အမြင်ဖြင့် ရှုမြင်နိုင်ကြရမည်ဖြစ်ကြောင်း။ နိုင်ငံတော်သစ်ကြီးကို ပုံဖော်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း။
ယခုဆိုလျှင် အမျိုးသားညီလာခံကြီးက ချမှတ်ပေးသည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံမူများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ချမှတ်ဆောင်ရွက်နေသည့် နိုင်ငံ တော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်ရေးအတွက် အသင်းကြီးက ပြည်သူ များနှင့် လက်တွဲပြီး ၀ိုင်းဝန်း ပါ ၀င်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ပြောကြားလိုကြောင်း။
လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများသည် ပြည်သူများ လိုလားသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဦးတည် ရှေးရှုနေတာကို အထင်အရှားတွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ရရှိပြီးဖြစ်သော တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို လျော့ပါး မသွားစေရန် ထိန်းသိမ်းပြီး ပိုမိုအေးချမ်းတည်ငြိမ်မှုရှိစေရန်၊ ပိုမိုဖွံ့ဖြိုးတိုးတက်မှုရှိစေရန် စိတ်ကောင်းစေတနာမှန်နှင့် ၀ိုင်းဝန်းကူညီဆောင်ရွက်သွာားကမည်ဖြစ်ကြောင်း၊ အသင်းကြီးအနေဖြင့်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော ဆူပူအကြမ်းဖက်မှုများ၊ အဖျက်လုပ်ရပ်များနှင့် ဘက်လိုက်စွက်ဖက်မှုများအား ကန့်ကွက်တားဆီးသွားပြီး အပြုသဘော ဆောင်သော လုပ်ဆောင်မှုများအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသင်းဝင်အားလုံး ပကတိအခြေအနေများ အပေါ် မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးတွင် ချမှတ်ထားသည့်ဦးတည်ချက်များနှင့်အညီ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဌေးဦးသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
No comments:
Post a Comment