Wednesday, January 2, 2008

လွတ်လပ်ပြီ ဆိုရုံမျှဖြင့် ကျေနပ်မနေသင့်ပေ



မြန်မာ့လွတ်လပ်ရေးသည် သက်တမ်းအနှစ်ခြောက်ဆယ်ပြည့်ခဲ့လေပြီ။ နိုင်ငံနှင့်ချီလျှင် သက်တမ်း နှစ်ခြောက်ဆယ်ဆိုသည်မှာ များစွာကြာမြင့်လှပြီဟု မဆိုနိုင်သော်လည်း လူတို့သက်တမ်းဖြင့် တွက်ဆနှိုင်းစာကြည့်လျှင်မူ အတန်အသင့် အသက်ရလာပြီဟု ဆိုနိုင်သည်။ လွတ်လပ်ရေး ရသည့်အချိန်က မွေးဖွားခဲ့သူပင်လျှင် အသက် (၆၀) ပြည့်၍ တတိယအရွယ် အဘိုးအရွယ်သို့ ရောက်နေပြီဖြစ်၏။ လွတ်လပ်ရေး အနှစ်ခြောက်ဆယ်မှတ်တိုင်မှ နောက်ပြန်လှည့်ကြည့်လျှင် မိမိတို့ မည်မျှတာဝန်ကျေခဲ့ပြီနည်း စဉ်းစားသင့်၏။
နိုင်ငံတစ်ခု လွတ်လပ်ရေးရ၍ နိုင်ငံသစ်ထူထောင်သည်ဆိုခြင်းမှာ သူတစ်ပါးအိမ်တွင် အဖီချ၍ ကပ်ရပ်နေခဲ့ရသည့် ဘ၀မှ ကိုယ်ပိုင်ခြံမြေကွက်တွင် ကိုယ့်အိုး ကိုယ့်အိမ် စတင် ထူထောင် တည်ဆောက်ရသည်နှင့်တူလှသည်။
ပထမဆုံးအဆင့်မှာ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင် ရှင်းလင်းမြေညှိ ခြံစည်းရိုးခတ်ရခြင်းပင် ဖြစ်၏။ အလားတူနိုင်ငံသစ်တစ်ခု စတင်ထူထောင်ပြီဆိုလျှင် နယ်မြေများကို စုစည်းရသည်။ နယ်နိမိတ်များကို သတ်မှတ်ရသည်။မိမိတို့နိုင်ငံအတွင်း အေးအတူ ပူအမျှ အတူတကွ နေထိုင်သွားကြရမည့် တိုင်းရင်းသားများကို စည်းရုံးစုစည်းရသည်။"Territorial Integration and National Consolidation" အဆင့်ပင်ဖြစ်၏။ ဤအဆင့်တွင်ပင် များစွာသော စိန်ခေါ်မှုများ၊ အခက်အခဲများကို လွတ်လပ်စနိုင်ငံများ ရင်ဆိုင်ရတတ်သည်။ ဥပမာ ဗြိတိသျှကိုလိုနီအောက်မှ လွတ်မြောက်စ အိန္ဒိယ နှင့် ပါကစ္စတန် အကြား ကက်ရှ်မီးယား ပြဿနာမှ အစ ပြုသည့် နယ်မြေပိုင်ဆိုင်မှု ပဋိပက္ခမှ စစ်မီး ဖြစ်ပွားခဲ့ ကြရသည်။
နိုင်ငံအချို့မှာ စလယ်ဝင်ဖင်မမည်းခင်ကပင် စစ်အေးတိုက်ပွဲ ပယောဂကြောင့် နှစ်ရှည်လများ နိုင်ငံနှစ်ပိုင်း ကွဲကြရပြန်သည်။ဥပမာ-ဗီယက်နမ်နိုင်ငံသည် ၁၉၅၇ခုနှစ် ဂျီနီဗာသဘောတူ ညီချက်နောက်ပိုင်း ၁၇မျဉ်းပြိုင်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ နှစ်ပိုင်းကွဲခဲ့ရာ ၁၉၅၇ခုနှစ် ဗီယက်နမ်စစ်ပွဲပြီးမှ ပေါင်းစည်းနိုင်ခဲ့သည်။
နယ်မြေစုစည်းမှုလုပ်ငန်းပြီးစီးသည့်တိုင်အောင် လုပ်ငန်းကမပြီးသေး။ ခြံစည်းရိုးခတ်၊ ခြံရှင်းပြီးလျှင် အိမ်ကို အုတ်မြစ်ချတိုင်ထူကာ စတင်ဆောက်လုပ်သကဲ့သို့ နိုင်ငံ တည်ဆောက်ရေး၊အမျိုးသားတည်ဆောက်ရေး "State Building and Nation Building" လုပ်ငန်းများကို အားထည့်လုပ်ကိုင်ရပြန်သည်။ ဤတွင်လည်း အခက်အခဲများက ရှိသည်သာပင်။
အိမ်ဆောက်ပြီဆိုသည်နှင့် လူညီဖို့လိုသည်။ ငွေရှိဖို့လိုသည်။ အချို့နိုင်ငံများတွင် လူမညီသော ကြောင့် ပြည်တွင်းစစ်၊ ပြည်တွင်းသောင်းကျန်းမှုများနှင့် ရင်ဆိုင်ရကာ နိုင်ငံတည်ဆောက်သော အဆင့်ကို မရောက်နိုင်ဘဲရှိနေရတတ်သည်။၁၉၅၇ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရခဲ့သည့် မလေးရှားနိုင်ငံမှာ ကွန်မြူနစ်သောင်းကျန်းမှုအန္တရာယ်၊ လူမျိုးရေးပဋိပက္ခများ စသည့် အခက်အခဲပြဿနာများကြောင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင်ကျမှ နိုင်ငံထူထောင် ရေးကို အားစိုက်လုပ်ဆောင်နိုင်ခဲ့သည်။ အချို့နိုင်ငံများမှာ လွတ်လပ်ရေးကို မလွှဲသာ၍ ယူလိုက်ရသော်လည်း ငွေမရှိ၊ သယံဇာတမရှိ၍ အခက်ကြုံခဲ့ကြရသည်။ ၁၉၆၅ခုနှစ်တွင် စင်ကာပူ လွတ်လပ်ရေးရစဉ်က ငွေမရှိ၊ ကာကွယ်ရေးအင်အားဟူ၍ စစ်သားတစ်ယောက် ပင်မရှိ၊ လူထုအများစုမှာလည်း သင်္ဘောကြီးကူလီ သာသာမျှ အဆင့်ရှိသဖြင့် နိုင်ငံရှေ့ရေးကို တွေးတောစိတ်ပူကာ မျက်ရည်ပင်ကျခဲ့ရသည်ဟု စင်ကာပူနိုင်ငံ၏ ပထမဆုံးဝန်ကြီးလီကွမ်ယူ က သူ၏အမှတ်တရစာအုပ်တွင် ရေးသားထားသည်။
စင်စစ်၌ နိုင်ငံစတင်ထူထောင်ရသည့်အချိန်မှ နိုင်ငံတကာတွင် ရင်ပေါင်တန်းနိုင်သည့် အဆင့်မီနိုင်ငံတစ်ခုဖြစ်လာသည်အထိ ခရီးလမ်တစ်လျှောက်မှာ မည်သည့်နိုင်ငံမျှ ပန်းခင်း သောလမ်းကဲ့သို့ လျှောက်လှမ်းနိုင်ခဲ့ကြသည် မဟုတ်ပေ။ အချို့နိုင်ငံများမှာ စမ်းတ၀ါးဝါး ဖြင့် လမ်းမှား လမ်းပျောက်သွားခဲ့ကြသည်။ အချို့မှာ လှေလှော်ရင်းတက်ကျိုးကာ တိုင်းပြည်ပါ ပျက်သွားခဲ့ကြရသည်။ အချင်းချင်းမညီညွတ်၍ ပြည်တွင်းစစ် နှစ်ရှည်ဖြစ် ခဲ့ကြရာမှ ပြည်ပပယောဂပါဝင်လာပြီး ကုရာနတ္ထိဆေးမရှိဖြစ်နေသော ဆိုမာလီယာ ကဲ့သို့နိုင်ငံများ၊ ဆူဒန်နိုင်ငံဒါဖာဒေသကဲ့သို့ အနိဋ္ဌာရုံများကို တွေ့မြင်ကြားသိရသောအခါမြန်မာနိုင်ငံလွတ်လပ်ရေးရစရန်ကုန်အစိုးရခေတ်အစိုးရအာဏာစက်သည်သမိုင်းလမ်းဆုံဟိုမှာဘက်သို့ပင် မသက်ရောက်နိုင်ခဲ့သော ကာလများကို မြင်ယောင်မိသည်။
အချို့နိုင်ငံများမှာမူ မခေါ်မပင့်ဘဲ အဓမ္မ၀င်ရောက်လာသော တိုင်းတစ်ပါးတပ်များ၏ ကျူးကျော်သိမ်းပိုက်ထားမှုအောက်တွင် လုံခြုံရေးလည်းမတည်ဆောက်နိုင် ၊ နိုင်ငံထူထောင်ရေးလည်း မဆောင်ရွက်နိုင်ဖြစ်ကာ ရွှေရည်စိမ်လွတ်လပ်ရေးအတုနှင့် ရုပ်သေးအစိုးရတို့ဖြင့် မရှူနိုင်၊ မကယ်နိုင်ဖြစ်နေရသည်။ ကိုယ့်နယ်၊ ကိုယ့်အိမ်မှာ နေထိုင်ရင်း တိုင်းတစ်ပါးသားတို့ ထင်သလို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် အဓိပ္ပာယ်မဲ့စွာ အသက်ဆုံးပါး သွားခဲ့ကြရသည့် ဖြစ်ရပ်များကိုပင် အရေးယူရန် မဆိုထားဘိ၊ ပြင်းပြင်းထန်ထန်ပင် မပြောဝံ့ကြရှာသည့် နိုင်ငံအချို့တို့၏ အခြေအနေကို တွေ့မြင်ရသောအခါ မြန်မာနိုင်ငံ၌ ဖက်ဆစ်ဂျပန် ပေးခဲ့သည့်ရွှေရည်စိမ် လွတ်လပ်ရေးနှင့် ဒေါက်တာဗမော် အဓိပတိအဖြစ် တာဝန်ယူခဲ့သည့် ဂျပန်ခေတ်ရုပ်သေးအစိုးရကို သတိရမိသည်။
နွားကွဲလျှင် ကျားဆွဲတတ်သည်ဆိုသောစကားမှာ ယနေ့ကာလကဲ့သို့ ခေတ်သစ်အင်ပါယာထူထောင်ရန် ရူးသွပ်နေသူအချို့၏ လက်တွင်း၌ ကမ္ဘာ့အကြီးမားဆုံး စစ်အင်အားနှင့် နိုင်ငံရေးသြဇာတို့တည်ရှိနေချိန်တွင် ပို၍အဓိပ္ပာယ်ဆောင်လျက်ရှိသည်။ ယနေ့ခေတ်မှာ သူ့အလိုအလျောက် မကွဲလျှင်ပင် တမင်ဝင်၍ သပ်လျှိုဖြိုခွဲသောခေတ်၊ ခွဲ၍မရလျှင် စစ်အင်အားသုံး၍ အဏြုမူဗုံးဖြင့်ပင် ခြိမ်းခြောက်ရန်ဝန်မလေးသောခေတ်ဖြစ်နေသည်။ တတိယ ကမ္ဘာစစ်ဆိုသော စကားကိုပင် လက်လွတ်စပယ် ပြောဆိုလာနေသည့်ခေတ်ဖြစ်သည်။နိုင်ငံတကာဥပဒေနှင့် နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာဆိုသည်ကို ဟင်းရွက်ကန်စွန်းမျှပင် အလေးမထား အင်အားကိုသာ အမှန်တရားအဖြစ် ကိုးကွယ်ဆည်းကပ်သည့်ခေတ် ဖြစ်နေသည်။
အင်အားနိုင်ငံရေးခေတ်ကြီးတွင် ကိုယ်ပိုင် အင်အားရှိမှသာ ကိုယ့်နိုင်ငံ လွတ်လပ်ရေးကို ကိုယ်တိုင်ကာကွယ်နိုင်မည် ဖြစ်သည်။ တိုင်းချစ် ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ညီညွတ်မှုတို့သည်သာ ကိုယ်ပိုင်အင်အားကို တည်ဆောက်နိုင်မည့် အကြောင်းတရားဖြစ်သည်။ ထိုမျှမက ကမ္ဘာ့နိုင်ငံများနှင့် ခေတ်မီရင်ပေါင်တန်းနိုင်မည့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ တည်ဆောက်နိုင်ရေးအတွက်လည်း အဓိကမောင်းနှင်အားဖြစ်သည်။ အချင်းချင်းမညီညွတ်မှု၊ ဆူပူအုံကြွမှုနှင့် ပဋိပက္ခများဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံကို တည်ဆောက်၍ မရနိုင်ပါ။ စည်းလုံးညီညွတ်မှု၊ မျိုးချစ်စိတ်ဓာတ်၊ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံကြိုးပမ်းမှု၊ ခြိုးခြံချွေတာ စုဆောင်းမှု၊ အလုပ်ကြိုးပမ်းမှု၊ စည်းကမ်းရှိမှု၊ ဥပဒေကိုလေးစားလိုက်နာမှုတို့ဖြင့်သာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
လွတ်လပ်ရေးရသည်မှာ နှစ်ပေါင်းခြောက်ဆယ် ရှိခဲ့ပါပြီ။ ၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲမှစ၍ ဖက်ဆစ်တော်လှန် ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲစဉ်တစ်လျှောက် အသက်သွေးချွေးများစွာ ပေးဆပ်စတေးခဲ့ကြသော ဘိုး၊ ဘေး မျိုးဆက်များကား အသီးသီးတာဝန်ကျေပွန်ခဲ့ကြပြီးဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လွတ်လပ်ရေး အရှည်တည်တံ့ဖို့၊ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့၊လွတ်လပ်သည့် နိုင်ငံတော်ကြီးအေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ အသီးသီး တာဝန်ရှိကြသည့် ယနေ့ နိုင်ငံသူ နိုင်ငံသားများသည် မိမိတို့ တာဝန်ကျေပွန်ကြပါပြီလား။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နယ်ချဲ့ပရိယာယ်ကို အစဉ်သတိပြု ကာကွယ်ကြရမည် မဟုတ်ပါလား .......။ ။

No comments: