Thursday, January 24, 2008

အဝေးပြေးကားများတွင် ဖုန်းထားပေးမှုခေတ်စားလာ

အဝေးပြေးပုဂ္ဂလိက ယာဉ်လိုင်းများတွင် ၀န်ဆောင်မှုအသစ်အနေဖြင့် ဂျီအက်စ်အမ်ဖုန်းများ ကားပေါ်တွင် ထားရှိခြင်းများ စတင်ပြုလုပ်လာကြကြောင်း အဝေးပြေးယာဉ်လိုင်းများမှ သိရသည်။ မကြာမီ မြတ်မန္တလာထွန်း အဝေးပြေးယာဉ်လိုင်းများတွင် ဂျီအက်စ်အမ်ဖုန်းထားရှိခဲ့ပြီး၊ ယခုရန်ကြီးအောင် ကားများတွင် ဇန်န၀ါရီ ၁၀ရက်၌ စတင်ပြေးဆွဲမည့် ရန်ကုန်-တောင်ကြီးယာဉ်များတွင် စတင်တပ်ဆင်မည်ဖြစ်ပြီး ဖုန်းခအနေဖြင့် ၃မိနစ်လျှင် ကျပ်၂၀၀ခန့် သတ်မှတ်ထားသည်။
“ဒီအစီအစဉ်က ခရီးသည်တွေ အလွယ်တကူ မိမိတို့ကိုလာကြိုမယ့်သူတွေ၊ ကျန်ခဲ့တဲ့ မိသားစုတွေကို ဆက်သွယ် နိုင်အောင် စီစဉ်ထားတာပါ။ ဂျီအက်စ်အမ်ဖုန်းဖြစ်တဲ့အတွက် တချို့နေရာတွေမှာတော့ လိုင်းပြတ်တောက် နိုင်ပါတယ်။ နေရာတွေကတော့ ရန်ကုန်ကအထွက် ပဲခူးလောက်ကနေ ဘုရားကြီးလမ်းဆုံအထိ၊ ပြီတော့ ရမည်းသင်းကနေ ကလေးတောင်တက်လမ်းတွေမှာ လိုင်းပြတ်တောက်နိုင်ပါတယ်။ ကျန်နေရာတွေမှာတော့ ဆက်သွယ် အသုံးပြုနိုင်ပါတယ်” ဟု ရန်ကြီးအောင် ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိမိစီးနင်းမည့်ကားတွင် တပ်ဆင်မည့် ဆယ်လူလာဖုန်း၏နံပါတ်ကို လက်မှတ်ဝယ်ယူစဉ်ကတည်းက တံဆိပ်တုံး နှိပ်၍ ပေးလိုက်မည်ဖြစ်ကြောင်း သိရသည်။ အခုအချိန်တွင် အဆိုပါ အဝေးပြေးယာဉ်နှစ်စီးတွင်သာ ဖုန်းများ ထားရှိခြင်း ဖြစ်ပြီး၊ ကျန်ဘုရားဖူးယာဉ်များနှင့် အဝေးပြေးယာဉ်များတွင် ဆောင်ရွက်ရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

No comments: