Friday, February 8, 2008

အကြိုရွေးကောက်ပွဲ ဂျွန်မက်ကိန်းရှေ့မှဦးဆောင်ဟီလာရီနှင့်အိုဘားမားအကြိတ်အနယ်ဖြစ်နေ

နယူးယောက်နှင့်ကယ်လီဖိုးနီးယားပြည်နယ်၌ အနိုင်ရသော ဟီလာရီကလင်တန်
ဖေဖော်ဝါရီ ၅ ရက် စူပါအင်္ဂါနေ့က အမေရိကန်သမ္မတလောင်းအကြိုရွေးချယ်ပွဲများကို ပြည်နယ် ၂၄ ပြည်နယ်၌ တစ်ပြိုင်တည်းကျင်းပရာတွင် ဒီမိုကရက်တစ်သမ္မတလောင်းများအတွက်သာ ယှဉ်ပြိုင်သည့် ပြည်နယ်သုံးခု၊ ရီပတ်ဘလီကင် သမ္မတလောင်းများသာ ယှဉ်ပြိုင်ရသည့် ပြည်နယ်နှစ်ခုနှင့် ပါတီနှစ်ရပ်စလုံးမှ သမ္မတလောင်းများ ပါဝင် ယှဉ်ပြိုင်ရသည့် ပြည်နယ်၁၉ ခုစုစုပေါင်းမှာ ၂၄ ပြည်နယ်ဖြစ်သည်။
ရီပတ်ဘလီကင်သမ္မတလောင်း ယှဉ်ပြိုင်ရာ၌ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ပြည်နယ်ကြီး သုံးလေးခုတွင် အနိုင်မဲရကာ ယှဉ်ပြိုင်ဘက်များ မယှဉ်သာအောင် ထိပ်မှ ဦးဆောင်နေသူဖြစ်ကြောင်း သိရသည်။
အောင်ပွဲရ
ဒီမိုကရက်တစ်သမ္မတလောင်း ယှဉ်ပြိုင်ရာတွင် နယူးယောက်နှင့် ကယ်လီဖိုးနီးယားပြည်နယ်၌ အနိုင်ရသော ဟီလာရီကလင်တန်သည် စူပါအင်္ဂါနေ့တွင် အကြီးဆုံးအောင်မြင်မှုရလိုက်သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြသည်။သို့သော် ပြိုင်ဘက်အိုဘားမားမှာလည်း အောင်ပွဲအလီလီရသည်ဟု ဆိုသည်။
အရေးပါဆုံးနေ့
ထိုအတောအတွင်း ရီပတ်ဘလီကင်ပါတီမှ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟတ်ကာဘီးမှာလည်း ပြည်နယ်ငါးခုတွင် နိုင်ခြေရှိကာ မျှော်မှန်းထားသည်ထက် ပိုမိုအခြေအနေကောင်းနေသည်။
ဖေဖော်ဝါရီ၅ ရက် စူပါအင်္ဂါနေ့သည် အမေရိကန်သမ္မတလောင်း ရွေးချယ်ရေးအတွက် ထူးခြားသည့် အရေးပါဆုံးနေ့ ဖြစ်သည်။ဤနေ့တွင်ပင် ဒီမိုကရက်တစ်ပါတီ ညီလာခံနှင့် ရီပတ်ဘလီကင်ပါတီ ညီလာခံနှစ်ရပ်အတွက် စေလွှတ်မည့် ကိုယ်စားလှယ်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ကို ရွေးချယ်ပေးခြင်းဖြစ်သည်။
ထိပ်ဆုံးမှအပြတ်ပြေး
ရီပတ်ဘလီကင် ကိုယ်စားလှယ်လောင်းများတွင် ထိပ်ဆုံးမှ အပြတ်ပြေးနေသူ မက်ကိန်းသည် နယူးယောက်၊ နယူးဂျာဆီ၊ ဟစ်ဆူရီ၊ကွန်နက်တီကပ်၊ဒီလာဝဲယားနှင့် ၄င်း၏ပြည်နယ် အရီဇိုးနားတို့တွင် အနိုင်ရရန် သေချာသည်။နယူးယောက်ပြည်နယ် တစ်ခုတည်းပင် ရီပတ်ဘလီကင်ပါတီညီလာခံသို့ ကိုယ်စားလှယ် ၈၇ ဦး စေလွှတ်ရမည့်ပြည်နယ်ဖြစ်သည်။အခြားပြည်နယ်များ ပေါင်းသည့်တိုင်အောင် စုစုပေါင်း ကိုယ်စားလှယ်၂၀၅ ဦးကိုသာ ပါတီညီလာခံသို့ တက်ရမည်ဖြစ်သည်။
မဲဆွယ်စည်းရုံး
ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်မှာလည်း အကြီးဆုံးပြည်နယ်နှစ်ခုဖြစ်သည့် ကယ်လီဖိုးနီးယားနှင့် နယူးယောက်ပြည်နယ်အပါအ၀င် ရှစ်ပြည်နယ်မှ ကိုယ်စားလှယ် ၅၈၂ ဦးရရှိသည်။သို့သော် အိုဘားမားကလည်း ပြည်နယ်အများကို အနိုင်ရခဲ့ရာ ပြည်နယ် ၁၃ ပြည်နယ်မှ ကိုယ်စားလှယ် ၅၆၂ ဦးရရှိသည်။ဤစူပါ အင်္ဂါနေ့တစ်နေ့တည်းဖြင့် တစ်ဦးကိုတစ်ဦး မဖြတ်နိုင်ဘဲ ဆက်လက်၍ အကြိတ်အနယ် မဲဆွယ်စည်းရုံးရမည့် အခြေရှိသည်။







No comments: