Sunday, March 9, 2008

အီရတ်သမ္မတ တူရကီသို့ အလည်အပတ်ရောက်ရှိ

အီရတ်နိုင်ငံမြောက်ပိုင်းတွင် ခြေကုပ်ယူထားသော ကာ့ဒ်ပီကေကေ သူပုန်များအားတူရကီက မြေပြင်ထိုးစစ် ဆင်နွှဲပြီးနောက် တစ်ပတ်မျှ အကြာတွင် အီရတ်သမ္မတ ဂျာလယ်တာလီဘာနီသည် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေဖြင့် တူရကီနိုင်ငံသို့ သောကြာနေ့က ပထမဆုံး အကြိမ် အလည်အပတ် သွားရောက်ခဲ့သည်။
တာလီဘာနီ၏ အလည်အပတ် ခရီးစဉ်သည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော တူရကီနှင့် နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်နှင့် လုံခြုံရေးရာ ဆက်ဆံမှုများကို တိုးမြှင့်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်လူမျိုးများက ကိုယ်ပိုင်နိုင်ငံ ထူထောင်မည့်အရေးနှင့် ပီကေကေ သူပုန်များ၏ ပြဿနာကြောင့် လွန်ခဲ့သောနှစ်များအတွင်း၌ အီရတ်နှင့် တူရကီဆက်ဆံရေးသည် နွေးထွေးခြင်း မရှိခဲ့ပေ။
အီရတ် မြောက်ပိုင်းမှ ကာဒ့်လူမျိုးဖြစ်သော အီရတ်သမ္မတသည် တူရကီသမ္မတ အနုလပ်ဂေါဇ်နှင့်လည်းကောင်း၊ ၀န်ကြီးချုပ် တေရစ်အာဒိုဂန်နှင့်လည်းကောင်း ခရီးစဉ်အတွင်း၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ အီရတ်နှင့် တူရကီ စီးပွားရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးပွဲသို့လည်း တက်ရောက်မည်ဖြစ်သည်။
အီရတ်သမ္မတနှင့်အတူ ဘဏ္ဍရေး၊ ရေနံ ၊ ရေအရင်းအမြစ် ၊ အမျိုးသားလုံခြုံရေးနှင့် စက်မှုဝန်ကြီးများလည်း လိုက်ပါခဲ့ကြသည်။

1 comment:

Anonymous said...

See Here or Here