Monday, June 9, 2008

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး
သိန်းစိန်သည် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ၊ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ယနေ့နံနက် ၈နာရီခွဲတွင် ရဟတ်ယာဉ်များဖြင့် ရန်ကုန်မှ ဧရာဝတီတိုင်း မြောင်းမြမြို့သို့ရောက်ရှိသည်။

နှုတ်ဆက်အားပေး
ထို့နောက်နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ရဟတ်ယာဉ်ကွင်း၌ ဧရာဝတီတိုင်း အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေ ၊ မြောင်းမြခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးအေးဟန်နှင့် တာဝန်ရှိသူများအား တွေ့ဆုံပြီး ၄င်းတို့နှင့်အတူ မြောင်းမြမြို့ရှိ လေဘေးသင့်ပြည်သူများအား ကုသပေးလျက်ရှိသည့် ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်ညွှန့် ခေါင်းဆောင်သော ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ဆေးအကာအကွယ်ပေးရေး အထူးအဖွဲ့(၄)မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာဒေါ်မင်းမင်းမျိုးလွင် ခေါင်ဆောင်သည့် ဆေးအကွာကွယ်ပေးရေး အဖွဲ့ဝင် သမားတော်ကြီးများနှင့် ဆရာဝန်များ ၊ သူနာပြုများ၊ Dr . Kanrom ခေါင်းဆောင်သည့် ထိုင်းနိုင်ငံမှ ဆေးအကာကွယ်ပေးရေး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြသည်။
ဆက်လက်၍ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေဘေးသင့် ပြည်သူများအား ဆေးအကာအကွယ်ပေးရေး အဖွဲ့များက ဆေးကုသပေးနေမှုများကို ကြည့်ရှု့ကြသည်။


ကြည့်ရှုအားပေး
ထို့နောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လပ္ပတ္တာမြို့နယ် ပြင်စလူမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ လေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ကျန်းမာရေး၊ နေထိုင်စားသောက်ရး အခြေအနေများ ၊ ပံ့ပိုးပစ္စည်း ရရှိမှုများကို မေးမြန်းကြည့်ရှု အားပေးသည်။


ဦးစားပေးဆောင်ရွက်
ယင်းနောက်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်မှာကြားရာတွင် လေမုန်တိုင်းတိုက်ခတ်ပြီးနောက် နိုင်ငံတော်အစိုးရ အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဖြင့် ဦးစားဆောင်ရွက်ခဲ့ကြောင်း ။
အသက်ရှင်ကျန်သူများ အသက်ရှင်သန်ရေးအတွက် ဆောင်ရွက်သင့်ဆောင်ရွက် ထိုက်သည်များကို မိမိတို့စီစဉ်ဆောင်ရွက် ခဲ့ကြောင်း။

ပံ့ပိုးဆောင်ရွက်
ယခုအခါလေမုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့သည်မှာ တစ်လကျော်ခဲ့ပြီ ဖြစ်ကြောင်း ၊ လေဘေးသင့် ပြည်သူများ အနေဖြင့် မိမိတို့ရောက်ရှိနေသည့် ကယ်ဆယ်ရေး စခန်းရှိရာ ဒေသများ၌ပင် ဆက်လက်နေလိုလျှင် နေနိုင်အောင် စီစဉ်နေရာချထား ပေးသွားမှာဖြစ်ကြောင်း ၊ နေစရာရရှိပြီး အဆင်ပြေသည့် အတိုင်းအတာကာလတစ်ခု အထိ နေရေး၊ စားရေးကိစ္စများကို ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း။


ယာယီတဲများ
မိမိတို့၏ ဒေသရပ်ရွာများ၌ ပြန်လည်နေနိုင်အောင် ယင်းဒေသများ၌ ယာယီတဲများဆောက်လုပ်ပေးသွားမှာ ဖြစ်ကြောင်း ၊ ယာယီတဲများဆောက်လုပ်ပြီးမှသာ ကယ်ဆယ်ရေးစခန်းမှ ယင်းဒေသို့ ရောက်အောင်ပို့ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။မိမိရပ်ရွာဒေသ၌ အခိုင်အမာနေအိမ် ဆောက်လုပ်နိုင်သည့် အနေအထားရှိပါက နိုင်ငံတော်၏ အစီအစဉ်ဖြင့် ဆောက်လုပ်ပေးသွားမှာ ဖြစ်ကြောင်း ။ကယ်ဆယ်ရေးစခန်းမှ မိမိရပ်ရွာ ဒေသသို့ ပြန်လိုလျှင် တစ်ပတ်စာရိက္ခာအပြင် ရေရှည်စားရေးအတွက် အနီးစပ်ဆုံး ကယ်ဆယ်ရေးစခန်းများက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ လေဘေးသင့် ပြည်သူများအတွက် အ၀တ်အထည် ၊ ချက်ပြုတ်စားရန် အိုးခွက်နှင့် ခြင်တောင် ၊စောင်စသည့် လိုအပ်ချက်များ ပြည့်စုံအောင် ကယ်ဆယ်ရေးစခန်းများ၌ တာဝန်ရှိသူများက ပံ့ပိုးပေးထားပြီလည်း ဖြစ်ကြောင်း ။

လယ်ယာလုပ်ငန်း
ဒေသအသီးသီးတို့ ပြန်ရောက်သည့်အခါ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသူ များအတွက် လယ်ထွန်စက်များဖြင့် ထွန်ယက်နိုင်ရေး နှင့် မျိုးရရှိရေးတို့ကို စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ။
ရေလုပ်ငန်းဖြင့် အသက်မွေးသူများ အတွက်လည်း လှေ၊ ငါးဖမ်းပိုက် စသည်တို့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ၊ အခြားအသက်မွေးမှုလုပ်ငန်း ဆောင်ရွက်လိုသူများ အတွက်လည်း လိုအပ်သည်များကို စီစဉ်ပေးသွားမှာ ဖြစ်ကြောင်း ၊ လေဘေးသင့် ပြည်သူများ၏ လူနေမှုဘ၀ အဆင့်အတန်း ယခင်ကထက်တိုးတက်မြင့်မားလာရေးကို နိုင်ငံတော်အပိုင်းက စေတနာအရင်းခံဖြင့် ဖြည့်ဆည်းပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း ။


ပြည့်စုံအောင်ဆောင်ရွက်
နိုင်ငံတော်အပိုင်းက မိမိတို့၏ ပြည်သူများ သွားရေး၊လာရေး ၊ နေရေး ၊ ထိုင်ရေး အခြေခံ လိုအပ်ချက်များမှ အစ ပြည့်စုံအဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက် များကို အကောင်းမမြင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့အနေဖြင့် မဟုတ်မမှန်သတင်းများကို လုပ်ကြံဖန်တီး ထုတ်လွှင့်လျက်ရှိနေကြောင်း။


ကြိုးစားအလုပ်လုပ်
နိုင်ငံတော်၏ ပံ့ပိုးစီစဉ်ပေးမှုများကို အခြေခံပြီး လေဘေးသင့် ပြည်သူများအနေဖြင့် ကိုယ့်ခွန်ကိုယ့်အားဖြင့် ဆက်လက်ရပ်တည်နေနိုင်ရေးအတွက် ကြိုးစားအလုပ်လုပ်နိုင်ကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြောင်းမြမြို့ စိုက်ပျိုးရေးသိပ္ပံသို့ သွားရောက်ကြပြီး မိဘမဲ့ကလေးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြသည်။
ထို့နောက်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က နိုင်ငံတော်မှ ပြုစုပျိုးထောင်ပေးရမည့် ကလေးများအား ယခင်ဘ၀ဟောင်းကို မေ့ပျောက်ပြီး ပျော်ရွှင်သော ဘ၀အခြေခံရရှိလာအောင် ပြုစုစောင့်ရှောက်ရန်လိုအပ် ပုံများကို တာဝန်ရှိသူများအားမှာကြားသည်။


အားပေးစကားပြော
ယင်းနောက် ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြောင်းမြမြို့မှ လပ္ပတ္တာမြို့နယ် စလူဆိပ်ကျေးရွာသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြသည်။ ထို့နောက် နယ်မြေခံဝန်ကြီး ဗိုလ်ချုပ်တင်ထွတ်နှင့်အတူ ကျေးရွာသူ ကျေးရွာသားများအား တွေ့ဆုံ၍ လေဘေး၊ ရေဘေး ကြုံတွေ့ခဲ့ရမှုများ၊ ကယ်ဆယ်ရေးစခန်းမှ ပံ့ပိုးပစ္စည်းရရှိမှုများ ၊ ကျန်းမာရေး အခြေအနေများ ၊ နေရေးစားရေး အခြေအနေများကို မေးမြန်းကာ အားပေးစကားပြောကြားသည်။


ပြန်လည်ပြုပြင်
ဆက်လက်၍ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေမုန်တိုင်းဒဏ်ခံခဲ့ရသည့် စလူဆိပ်ကျေးရွာ အနေအထားကို လည်းကောင်း၊ ရေငန်ဝင်ရောက်ခဲ့သည့် သောက်ရေကန်များ ပြန်လည်ပြုပြင်ထားမှုများကို လည်းကောင်းကြည့် ရှုကြသည်။


ပြန်လည်တည်ဆောက်ရေး
ထို့နောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စလူဆိပ်ကျေးရွာ၌ ယာယီတဲများ ပြန်လည်
တည်ဆောက်ထား မှုများ ကို ကြည့်ရှုပြီး ကျေးရွာသူ ၊ ကျေးရွာသားများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားရာတွင် ပျက်စီးမှုများနှင့် စပ်လျဉ်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ အပါအ၀င် ပြန်လည်စောင့်ရှောက်ရေး လုပ်ငန်းများ ၊ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို မိမိတို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ။
နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ဤဒေသများ၌ ဆက်သွယ်မှုလွယ်ကူရန် ကားလမ်းများကို ဖောက်လုပ်ပေးသွားမှာ ဖြစ်ကြောင်း ၊ ကားလမ်းများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သကဲ့ သို့သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါကလည်း ကာကွယ်ပေးနိုင်အောင် စီမံဆောင်ရွက် သွားမှာ ဖြစ်ကြောင်း။


အဆင့်မြင့်မား
နိုင်ငံတော်အနေဖြင့် လေဘေးသင့် ပြည်သူများ၏ ဘ၀ကို ယခုအနေအထားထက် ပိုမိုအဆင့်မြင့်မား
တိုးတက်လာအောင် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ဖြင့်မှာကြားသည်။
ယင်းနောက်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် စလူဆိပ်ကျေးရွာ ဆက်သွယ်ရေးအတွက် အဆင်ပြေစွာ အသုံးပြုနိုင်ရန် မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ CDMA စနစ် 450 တယ်လီဖုန်းတစ်လုံးကို ကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းက အတွင်းရေးမှုးသို့ပေးအပ်သည်။


ဈေးဆိုင်ဖွင့်လှစ်ရောင်းချ
ဆက်လက်၍ ၀န်ကြီးချုပ်သည် စလူဆိပ်နှင့် မိကျောင်းအိုင်ကျေးရွာတို့၌ ကျေးရွာသူ၊ ကျေးရွာသားများ လွယ်ကူစွာဖြင့် စားသောက်ပစ္စည်းများ ၀ယ်ယူနိုင်ရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဈေးဆိုင်ဖွင့်လှစ် ရောင်းချနိုင်ရန် မတည်ငွေများကို ကျေးရွာအသင်းမှ တာဝန်ရှိသူများအား ပေးအပ်သည်။
ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲ ၁၂နာရီခွဲတွင် ရဟတ်ယာဉ်များဖြင့် စလူဆိတ်ကျေးရွာမှ ပြန်လည်ထွက်ခွာခဲ့သည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဟတ်များဖြင့် လပ္ပတ္တာမြို့နယ် ဆင်ခြေရွာကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာသူ၊ကျေးရွာ သားများ ၊ ဆင်ခြေရွာကျေးရွာပြည်သူများ၏ ကျန်းမာရေးကို လာရောက်ကုသပေး လျက်ရှိသည့် ဆရာဝန်များနှင့် သူနာပြုများ ၊ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြသည်။
ယင်းနောက်ဝန်ကြီးချုပ်သည် ဆင်ခြေရွာကျေးရွာ အပါအ၀င် လေဘေးသင့်ဒေများပြန်လည်ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားကာ ကျေးရွာတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ လွယ်ကူစွာ အသုံးပြု နိုင်ရေးအတွက် CDMAစနစ်သုံး 450 တယ်လီဖုန်းတစ်လုံးကို ကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတို့ပေးအပ်သည်။


လှည့်လည်ကြည့်ရှု
ထိုမှတဆင့် ၀န်ကြီးချုပ်နှင့် အဖွဲ့များသည် လပ္ပတ္တာမြို့နယ် (၃)မိုင်ကယ်ဆယ်ရေး စခန်းသို့ရောက်ရှိကြပြီး ရှေးဦးစွာ ကယ်ဆယ်ရေးစခန်းကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကွပ်ကဲရေးရုံး၌ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ဝင်းက လပ္ပတ္တာ မြို့သစ် တိုးချဲ့တည်ဆောက်ရေးအတွက် လပ္ပတ္တာမြို့မှ (၃)မိုင်၊(၅)မိုင်၊(၇)မိုင် ကွာဝေးသည့် နေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့မှုနှင့် ယင်းနေရာဒေသများ၏ အနေအထားများ ၊ မြို့ကွက်ဖော်ထုတ်နိုင်သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြ
ဆက်လက်၍ လပ္ပတ္တာမြို့ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် သမ၀ါယမ၀န်ကြီး ဌာန ၀န်ကြီးဗိုလ်ချုပ်တင်ထွတ်က မြို့ကွက်သစ်ဖော်ထုတ်ရန် ရွေးချယ်ထားသည့် မြေနေရာများနှင့် စပ်လျဉ်း၍လည်းကောင်း ၊တိုင်းမှူးချုပ်ကျော်ဆွေက ရုံးဌာန အဆောက်အအုံများ ဆောက်လုပ်နိုင်မည့် နေရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ၀န်ကြီးချုပ်က မြို့ကွက်သစ်ဖော်ထုတ်ရန် လျာထားသည့် နေရာများနှင့်မြေကွက်ဖော်ထုတ်နိုင်မည့် အခြေအနေများကို ထပ်မံမေးမြန်းပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကျောင်းသားကျောင်းသူများ စာသင်နိုင်ရေးအတွက် ယာယီစာသင်ဆောင် နမူနာကို ကြည့်ရှုသည်။


ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသရှိ ပစ္စည်းများဖြင့် တည်ဆောက်ထားသည့် ယာယီစာသင်ဆောင် နမူနာနှင့် ရွက်ဖျင်တဲကို အသုံးပြုတည်ဆောက်ထားသည့် ယာယီစာသင်ဆောင် နမူနာတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လပ္ပတ္တာမြို့နယ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိသည့် ဆရာဝန် ၊ ဆရာမများအား နှုတ်ဆက်ကြသည်။


ဆေးကုသမှုကြည့်ရှု
ထို့နောက် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဂျပန်နိုင်ငံမှ Dr. Kanai Kaname ခေါင်းဆောင်သည့် ဆေးအကာအကွယ်ပေးရေး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြပြီး ဆေးကုသပေးနေမှုများကို ကြည့်ရှုကြသည်။
ယင်းနောက် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် လပ္ပတ္တာမြို့နယ် (၃)မိုင်ကယ်ဆယ်ရေး စခန်းမှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ မွန်လွှဲ ၂နာရီ ၁၀မိနှစ်တွင် ပုသိမ်မြို့သို့ ရောက်ရှိကြသည်။





















No comments: