Tuesday, June 10, 2008

လေဘေးသင့် ပြည်သူများဘ၀ ပြန်လည်ရပ်တည်ရေး နိုင်ငံတော်က စေတနာအရင်းခံဖြင့် ပံ့ပိုးဖြည့်ဆည်းပေး

နိုင်ငံတော်က လေဘေးသင့် ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားများ တည်ဆောက်ရေး၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးတို့အတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဖော်ဆောင်ပေးလျက်ရှိသည်။
ကယ်ဆယ်ရေး စခန်းများတွင် လေဘေးသင့် ပြည်သူများအတွက် အ၀တ်အထည်၊ အိုးခွက်၊ ပန်းကန်၊ ခြင်တောင်၊စောင် စသည့်လိုအပ်ချက်များ ပြည့်စုံအောင် ပံ့ပိုးဖြည့်ဆည်းပေးထားပြီးဖြစ်သကဲ့သို့ ကယ်ဆယ်ရေးစခန်းများ၌ ဆက်လက်နေထိုင်လိုသူများကိုလည်း နေထိုင်စားသောက်ရေးကအစ လိုလေသေးမရှိ စီစဉ်နေရာချထားပေးလျက် ရှိသည်။
လေဘေးသင့် ပြည်သူများ၏ ဆန္ဒအရ မိမိတို့မြို့ရွာဒေသသို့ ပြန်လိုသူများအတွက် မိမိတို့ကျေးရွာများ၌ ယာယီတဲများတည်ဆောက်ပြီးပါက စနစ်တကျ ပို့ဆောင် ပေးသွားမည်ဖြစ်ပြီး တစ်ပတ်စာ စားနပ်ရိက္ခာအပြင် ရေရှည်စားသောက်ရေး အတွက်ပါ အနီးစပ်ဆုံး ကယ်ဆယ်ရေးစခန်းများက စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။
ထို့ပြင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူများအတွက် လယ်ထွန်စက်များနှင့် မျိုးစပါးများရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရေလုပ်သားများ၏ဘ၀ ပြန်လည်ရပ်တည်ထူထောင်နိုင် ရေး လှေ၊ ငါးဖမ်းပိုက် စသည်တို့ ပံ့ပိုးသွားမည့်အပြင် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်း ဆောင်ရွက်လိုသူများ အတွက်လည်း ထောက်ပံ့ကူညီသွား မည်ဖြစ်သည်။
ယခုအခါ လေဘေးသင့် ပြည်သူများအတွက် နေအိမ်၊ စားနပ်ရိက္ခာ ဖြည့်ဆည်းပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင် ရေးတို့အတွက် စီမံဆောင်ရွက် ပေးလျက်ရှိသည်။ နိုင်ငံတော် စီးပွားရေးနှင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မာရေးတို့တွင် အဓိကကျသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ၊ ဆန်စက်လုပ်ငန်း၊ ဆားလုပ်ငန်းတို့နှင့် အတူ ရေလုပ်ငန်းများ ပြန်လည်ထူထောင် လုပ်ကိုင်နိုင်ရေး ကြိုးပမ်းနေကြပြီဖြစ်သည်။

နိုင်ငံတော် အစိုးရက ပြည်သူများ၏ လူနေမှုဘ၀ အဆင့်အတန်း မြင့်မားစေရေးရည်မှန်းပြီး တည်ဆောက်ရေးနှင့် အခြားမြှင့်တင်ရေး လုပ်ငန်းများကို စေတနာအရင်းခံဖြင့် ဖြည့်ဆည်းပေးလျက်ရှိသည်။
သို့ဖြစ်ရာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဒေသများကို နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်း ဘ၀ ပြန်လည်ရပ်တည်နိုင်ရေးအတွက်လည်း နိုင်ငံတော်က စေသနာ အရင်းခံဖြင့် ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။


No comments: