Wednesday, June 11, 2008

တည်ဆောက်ရေးလုပ်ငန်းများ လျင်မြန်စွာ ပြီးစီးရေး အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်

နိုင်ငံတော်က လေဘေးသင့်ပြည်သူများကို ယာယီနေထိုင်စားသောက်ရေး သာမက အမြဲတမ်းနေထိုင်မည့် နေရာထိုင်ခင်းများအတွက် ပါဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ထို့ပြင် လေဘေးသင့်ပြည်သူများ မိမိတို့၏ ဆန္ဒအရ နေထိုင်လိုပါကလည်း နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူများ၏ မြို့ပြကျေးရွာ ပြန်လည်တည်ဆောက်ရေး ၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဆားချက်လုပ်ငန်း စသည့်အသက်မွေးဝမ်းကျောင်းလုပ်ငန်များ ပြန်လည်ထူထောင်လုပ်ကိုင်နိုင်ရေး အတွက် လုပ်ငန်းခွင်သုံးပစ္စည်း ၊ နည်းပညာနှင့် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးလျက်ရှိသည်။
မိုးရာသီ အချိန်မီ စိုက်ပျိုးနိုင်ရေး လယ်ထွန်စက် ၊မျိုးစပါး ၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီတို့ကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းကူညီပေးမှု များနှင့်အတူ တောင်သူလယ်သမားများအနေဖြင့် လယ်ထွန်စက်များ စက်စွမ်းအားပြည့်ထွန်ယက်ပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသုံးချကာ သီနှံအထွက်တိုးရေး စီစဉ်ဆောင်ရွက် ကြရမည်ဖြစ်သည်။
အလားတူ ရေလုပ်ငန်း ၊ ဆားချက်လုပ်ငန်း တို့အတွက် ပဲ့ထောင်လှေ ၊ ငါးဖမ်းပိုက်နှင့် လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြင့် ပုံမှန်လုပ်ငန်းများ ဆက်လက် လည်ပတ်သွားနိုင်ရေး ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။
ကျောင်းသားကျောင်းသူ များယာယီ စာသင်ဆောင်များ၌ သင်ကြားနိုင်ရေး၊ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ရရှိရေးတို့အတွက် ဆောင်ရွက် ပေးသွားမည့်အပြင် စိတ်ဓာတ်ရေးရာများ မြင့်မား
တိုးတက်ပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး စေတနာ အပြည့်အ၀ ထားရှိစောင့်ရှောက် ကူညီကြရမည် ဖြစ်သည်။
လေဘေးသင့် ဒေသများ၌ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့် လှသည်ဖြစ်ရာ သာမန်တည်ဆောက်ရေးသာ မဟုတ်ဘဲ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံတော်က စီမံချက်များချမှတ်ကာ ဦးစားပေးအဆင့်အလိုက် တည်ဆောက်နေခြင်း ဖြစ်သည်။
နိုင်ငံတော်အစိုးရက လေဘေးသင့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအဆင့်အလိုက် ချမှတ်ဖော်ဆောင်လျက်ရှိရာ ပြည်သူများ စေတနာရှင်များ ၊ တိုင်းရင်းသားလုပ်ငန်းရှင်များက အမျိုးသားရေးစိတ်ဓာတ် အပြည့်အ၀ဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လျင်မြန်စွာ ပြီးစီးနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။



No comments: