မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းက ဆိုင်ကလုန်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ဒေသအချို့တို့၌ ပြည်သူများ၏အသက်အိုးအိမ် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးသွားခဲ့ရာ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ ပူးပေါင်း၍ လေဘေးသင့်ဒေသများ၏ ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ယခုအခါ လေဘေးသင့်ဒေသများရှိ ဒေသခံပြည်သူများ၏ မြို့ပြကျေးရွာများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။ တစ်ချိန်တည်းတွင် ဒေသခံများ၏ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် ဆားချက်လုပ်ငန်းစသည့် မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင် လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပ စေတနာရှင် အလှူရှင်များက လုပ်ငန်းခွင်သုံးပစ္စည်း၊ နည်းပညာ၊ ငွေကြေးနှင့် အခြားလိုအပ်ချက်များကို ဝိုင်းဝန်းပံ့ပိုးကူညီလျက် ရှိကြသည်။
လေဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းပမာဏမှာ ကြီးမားကျယ်ပြန့်လှသဖြင့် ဌာနတိုင်း၊ အသင်းအဖွဲ့တိုင်း၊ ပြည်သူတိုင်းက စေတနာစွမ်းအားရှိသမျှ ဝိုင်းဝန်းပါဝင်ကူညီရမည်ဖြစ်သည်။ အထူးသဖြင့် မူရင်းဒေသများတွင် ပြန်လည်နေထိုင်၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ကြမည့် ပြည်သူများ၏နေရေး၊ စားရေး၊ ကျန်းမာရေးစသည့် အခြေခံလိုအပ်ချက်များ ပြည့်စုံစေရေး ပံ့ပိုးဖြည့်ဆည်းပေးကြရဦးမည်ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း လူငယ်ရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ အသင်းဝင်လူငယ် နှစ်ရာကျော် ပါဝင်သောအဖွဲ့သည် ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်ဒေသများသို့ သွားရောက်၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီကြရန် ဇွန်လ ၁၀ရက်နေ့က စတင်ထွက်ခွာသွားကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် လူငယ်၂၆၄ဦးတို့သည် လပွတ္တာမြို့နယ်ရှိ လှိုင်းဘုန်း၊ ပြင်စလူ၊ ဆင်ခြေရာ၊ စလူဆိပ်ကျေးရွာတို့နှင့် ဘိုကလေးမြို့နယ်ရှိ ကြိမ်ချောင်း၊ စက်ဆန်းကျေးရွာတို့သို့ သွားရောက်ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ပြန်လည်တည်ဆောက်ရေး စသည့်ရပ်ရေးရွာရေးလုပ်ငန်းများတွင် ပါဝင်ကူညီလုပ်ဆောင်သွားကြမည်ဖြစ်သည်။
ရပ်ရေးရွာရေးလုပ်ငန်းများသည် အမျိုးသားရေး၏ လူမှုရေးဆိုင်ရာ အခြေခံအုပ်မြစ်ဖြစ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် လူငယ်များက လေဘေးသင့်ဒေသများသို့ စွန့်စွန့်စားစား သွားရောက်၍ ဒေသခံပြည်သူများ၏ ပြန်လည်တည်ဆောက်ရေးနှင့် လူမှုရေးလုပ်ငန်းများတွင် စေတနာစွမ်းအား အပြည့်အဝထားပြီး ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို ဆက်လက်သယ်ပိုး ထမ်းရွက်သွားနိုင်ကြမည်ဖြစ်ပါသည်။

No comments:
Post a Comment