Monday, June 16, 2008

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် သီးနှံများအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးချဲ့လုပ်ကိုင်

ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ကျိုင်းတုံမြို့၌ ရောက်ရှိနေသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းသည် ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (အရှေ့ပိုင်း) ဥက္ကဋ္ဌ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်၈နာရီတွင် မိုင်းဖြတ်-မိုင်းယောင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် လမ်းပိုင်းအခြေအနေများကို မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ မိုင်းဖြတ်-မိုင်းယောင်းလမ်း မိုင်တိုင်အမှတ်(၁၂) ၌ စက်ယန္တရားကြီးများဖြင့် လမ်းပြုပြင်နေမှု အခြေနေများကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဖြတ်သန်းကြည့်ရှု
ယင်းနောက် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဝင်းနှင့် အဖွဲ့များသည် ၀မ်ဖကျေးရွာရှိ ၀မ်ဖတံတားတို့ရောက်ရှိပြီး ပြန်လည်တည်ဆောက်ထားသည့် တံတား၏ ကြံ့ခိုင်မှုအခြေအနေကို တံတားပေါ်မှ ဖြတ်သန်းကြည့်ရှု့စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းနှင့် အဖွဲ့များသည် မိုင်းဖြတ်-မိုင်းယောင်းလမ်း မိုင်တန်အမှတ် ၃၂မိုင် ၃ဖာလုံသို့ ရောက်ရှိကြရာ ပြည်နယ်အင်ဂျင်နီယာမှူးကြီး ဦးသောင်းဌေးက လမ်းပိုင်းအခြေအနေများနှင့် စပ်လျဉ်း၍ ၂၀၀၈-၂၀၀၉ခုနှစ် လုပ်ငန်းလျာထားချက်နှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးက ဖြည့်စွတ်ရှင်းလင်းတင်ပြ၍ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းက လိုအပ်သည်များကို မှာကြားသည်။
တွေ့ဆုံ
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းသည် မိုင်းယောင်မြို့သို့ ရောက်ရှိပြီး မိုင်းယောင်မြို့ ဗလမင်းထင် ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် မိုင်းယောင်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးဌေးဝင်းက မြို့နယ်၏ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးမှု အခြေအနေ ၊ နွေစပါးရိပ်သိမ်းပြီးစီးမှု၊ မိုးစပါးစိုက်ပျိုးမှု ၊ ဒေသဆန်နှင့် ဆီဖူလုံမှု ၊ကော်ဖီ၊လက်ဖက်၊ ငရုတ်ကောင်းစိုက်ပျိုးမှု၊ ရော်ဘာစိုက်ပျိုးမှုနှင့် ခြံစည်းရိုးကြက်ဆူပင် စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ကြိုးပမ်းဆောင်ရွက်
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းက မိုင်းယောင်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ၊ လေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် သီးနှံများအတွက်စိုက်ပျိုးရေးလုပ်ငန်းများကို ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်သွားရန် လိုအပ်ကြောင်း ၊ နိုင်ငံတော် အစိုးရ၏စေတနာကို သိရှိနားလည်ပြီး ဒေသခံ တိုင်းရင်းသားပြည်သူများက နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလို ကြောင်းဖြင့် ပြောကြားသည်။
ပေးအပ်
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအတွက်ဝတ်စုံ
များကိုလည်းကောင်း၊ မီးသတ်တပ်ဖွဲ့အတွက် ၀တ်စုံများကိုလည်းကောင်း၊ ကျောင်းဝတ်စုံ ၊ စာအုပ်နှင့် စာရေးကိရိယာ များကိုလည်းကောင်း ၊ ဒေသထွက်ပစ္စည်းများကိုလည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်ကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းနှင့် အဖွဲ့ဝင်များသည် မိုင်းယောင်းမြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ ၊ မိုင်းယောင်းမြို့နယ်အတွင်း စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများ ၊ ရော်ဘာစိုက်ခင်းများ အခြေအနေတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိုင်းယောင်မြို့၌ ရပ်နားသည်။

No comments: