Monday, June 23, 2008

ဒေသခံပြည်သူများ လူမှုစီးပွားဘ၀မြင့်မားရေး အသက်မွေးကျောင်း လုပ်ငန်းများ ကြိုးပမ်းစွမ်းဆောင်

ဧရာဝတီတိုင်းအတွင်း လေဘေးသင့် ဒေသများရှိ ပြည်သူများ၏ နေထိုင်ရေးအတွက် ပြန်လည်တည်ဆောက်ရေး
လုပ်ငန်းများကို လျင်မြန်စွာ ဖော်ဆောင်ပေးလျက်ရှိသည့်အပြင် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရေး အတွက်လည်း ပံ့ပိုးကူညီပေးလျက်ရှိသည်။
မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသော လပ္ပတ္တာမြို့နယ်ရှိ ရေငန်တားတာများကို ဆည်မြောင်းဦးစီး
ဌာနက စက်ယန္တရားများဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရာ လယ်မြေဧက လေးသောင်းနီးပါး စိုက်ပျိုးနိုင်ပြီ ဖြစ်သည်။ ကျန်ရေငန် တားတာများကို အမြန်ပြီးစီးရေး ကြိုးပမ်းလျက်ရှိကြသည်။
လပ္ပတ္တာမြို့နယ် အတွင်းရှိ ကျေးရွာများ စိုက်ပျိုးရာသီတွင် အချိန်မီထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်က လက်တွန်းထွန်စက်အစီး ၁၇၀၀အပြင် ကျွဲ၊ နွားနှင့် မျိုးစပါးများ ဖြန့်ဝေပေးခဲ့ရာ လယ်ယာလုပ်ငန်းခွင် ၀င်ရောက်လုပ်ကိုင်နိုင်ကြပြီ ဖြစ်သည်။
ယခုနှစ် မိုးရာသီတွင် ဒေးဒရဲမြို့နယ်၌ လယ်မြေဧကတစ်သိန်းကျော် စိုက်ပျိုးသွားကြမည်ဖြစ်ရာ လက်တွန်းထွန်စက် သုံးရာကျော်အပါအ၀င် ကျွဲ၊ နွား များဖြင့် ထွန်ယက်စိုက်ပျိုးလျက်ရှိသည်။
အလားတူ မော်လမြိုင်ကျွန်း မြို့နယ် ဂုံညင်းတန်းနှင့် ကျုံလတာကျေးရွာများ၌လည်း မိုးစပါးစိုက်ပျိုးရန်အတွက် လက်တွန်းထွန်စက်များ အသုံးပြုပြီး လယ်မြေများထွန်ယက်နေကြပြီ ဖြစ်သည်။ ရာသီအချိန်မီ ထွန်ယက်နေမှုနှင့် အတူ စိုက်ပျိုးမည့်မျိုးစပါးများ ဖြန့်ဖြူးပေးလျက်ရှိသည်။
စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် လယ်ယာသုံးပစ္စည်းများ ထောက်ပံ့ကူညီ ပေးလျက်ရှိသကဲ့သို့ ရေလုပ်ငန်း ပြန်လည်ထူထောင် နိုင်ရေးအတွက်လည်း လက်လုပ်လက်စား
ရေလုပ်သားများကို ငါးဖမ်းလှေနှင့် ပိုက်များ ပံ့ပိုးဖြည့်ဆည်းပေးလျက် ရှိသည်။ ထို့အပြင် ရေလုပ်သားများ အဆင်ပြေစေရေးအတွက် ဇွန်၊ ဇူလိုင် နှင့်သြဂုတ် သုံးလအတွင်း ဘုံငါးဖမ်းကွက်များ၌ အခမဲ့သားငါးများ ရှာဖွေလုပ်ကိုင်ခွင့် ပြုသွားကြမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်က ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လေဘေးသင့် ဒေသရှိ ပြည်သူများအနေဖြင့် မိမိတို့၏ အသက်မွေးလုပ်ငန်းများ၌ လုံ့လ၊၀ီရိယ စိုက်ထုပ်ကြိုးပမ်း ဆောင်ရွက် ကြခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀ ပိုမိုမြင့်မားတိုးတက်လာ မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။


No comments: