Wednesday, June 25, 2008

ပြည်သူများ ရောဂါဘယ ကင်းဝေးစေရေး ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်

ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးတွင် သွားနှင့်ခံတွင်းကျန်းမာမှုသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်လျက်ရှိသည်။ သွားနှင့်ခံတွင်း ကျန်းမာသန်းစွမ်းမှုရှိစေရန်အတွက် ငယ်ရွယ်စဉ်အချိန်ကပင် သွားနှင့်ခံတွင်းသန့်ရှင်းမှုကို ဂရုစိုက်ကာ အစားအသောက်ကအစ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အစားအဟာရများ စားသုံးသင့်ပေသည်။
သွားများ ခိုင်မာသန်စွမ်းမှုရှိစေရေးအတွက် နွားနို့၊ ကြက်ဥ ၊ အရိုးပါ ၀ါးစားနိုင်သည့် ငါးလေးဟင်းများ ၊ ငါးကြီးဆီနှင့် အရည်ရွှမ်းသော အသီးအနှံများကို အာဟာရအဖြစ် စားသုံးကြရမည်ဖြစ်သည်။ အချိုလွန်သောအစားအစာများ လျှော့စားခြင်းသည်လည်း သွားနှင့်သွားရောဂါ ဖြစ်ပွားမှုတို့ကို ကြိုတင်ကာကွယ်တားစီးပေးရာ ရောက်ပေသည်။
အစားအစာစားပြီးတိုင် ပလုတ်ကျင်းခြင်းသည် သွားကိုသန့်ရှင်းစေသဖြင့် သွားပိုးစားခြင်း၊ သွားဖုံး ရေစီးကမ်းပြို လိုက်ခြင်းနှင့် သွားဖုံး၌ သွေးယိုခြင်းရောဂါများ ကင်းဝေးကာ ခံတွင်းသန့်ရှင်းမှု ကောင်းကျိုးများ ပိုမိုရရှိစေမည်ဖြစ်သည်။ ရေများများသောက်ခြင်းသည် သွားနှင့်ခံတွင်း၌ ကပ်ညိနေသည့် စားကြွင်းစားကျန်များ ရေနှင့်အတူပါသွားသဖြင့် သန့်ရှင်းစင်ကြယ်မှုကို အထောက်အကူဖြစ်စေသည် ။
သွားသည် ခန္ဓာကိုယ်၏ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းဖြစ်သည့်အတွက် အစဉ်သန့်ရှင်းနေစေရန် အရေးကြီးပေသည်။ သွားနှင့်ခံတွင်းအမြဲသန့်ရှင်းနေစေရေး ဆောင်ရွက်ရာတွင် သွားပွတ်တံပေါ် သွားတိုက်ဆေးတင်၍ အထက်အောက်အပြန်အလှန် ပွတ်တိုက်သော နည်းစနစ်သည် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်သည်။
တစ်ကိုယ်ရေသန့်ရှင်းရေးသည် ကျန်းမာရေးနှင့် ညီညွတ်သဖြင့် လူတိုင်းလူတိုင်းလိုက်နာကျင့်ကြံအပ်သော အလေ့အကျင့်ကောင်း တစ်ရပ်ပင်ဖြစ်သည်။
ထို့ပြင် သွားများရေရှည်ခိုင်ခံ့မှုရှိစေရန်အတွက် အလွယ်တကူ အရာဝတ္တူများ သွားဖြင့်ကိုက်ဖြတ်သည့် အပြုအမူများကို မပြုလုပ်မိစေရန် အထူးဂရုပြုရှောင်ရှားသင့်ပေသည်။
သို့ဖြစ်ရာ သွားနှင့်ခံတွင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် လူတိုင်းလူတိုင်း ကျန်းမာရေးနှင့်အညီ စနစ်တကျနေထိုင်လိုက်နာ စားသောက်ခြင်းဖြင့် ပြည်သူများရောဂါဘယ ကင်းဝေးပြီး ကျန်းမာခြင်းသုခကို ရယူပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: