Thursday, June 26, 2008

အင်းလေးကန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရေပေါ်စံပြကျေးရွာများ တိုးချဲ့ဖွင့်လှစ်

နိုင်ငံတော်အစိုးရက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးတိုးတက်စေရန် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနေသည်။ စိုက်ပျိုးရေနှင့် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအပါအဝင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်စေရးတို့အတွက် အခြေခံအဆောက်အဦးများကိုတည်ဆောက်ပေးလျက်ရှိသည်။
အချို့ကျေးရွာများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကိုယ့်အားကိုယ်ကိုး ကျေးလက်မီးလင်းစေရေး အပါအဝင် ကျောင်းဆောင်သစ်၊ စာကြည့်တိုက်နှင့် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းတို့ကို ပြည့်စုံစွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ရာ ကျေးလက်ဖွံ့ဖြိုးမှုကို ဖော်ညွှန်းနေသည့် စံပြကျေးရွာများ တိုးပွားလာလျက်ရှိသည်။
ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျေးရွာသောက်သုံးရေသန့်နှင့် မိလ္လာစနစ်အသုံးပြုစံပြကျေးရွာဖွင့်ပွဲကို ဇွန်လ ၁၅ ရက်နေ့က ကျေးစား (မြောက်)ရွာ အင်းလေးကန်ရေပြင်၌ ကျင်းပခဲ့သည်။ အဆိုပါကျေးရွာတွင် သောက်သုံးရေသန့်ရရှိစေရန် ရွာအနောက်မြောက်ဘက်ရှိ စိမ့်စမ်းရေထွက်မှရေကို အရှည်ပေ ၇၅၀၀ ရှိသော ရေပိုက်ဖြင့် သွယ်တန်းပြီး ရေပေါ်ဘုံပိုင်များဖြင့် စီမံပေးထားခြင့်ဖြစ်သည်။
ထို့အပြင် ဇီဝာသြဇာပိုင် ဖိုင်ဘာကွန်ကရစ်မိလ္လာအိုးများနှင့် မိလ္လာကန်သန့်အနံ့ဆိုးပျောက် ဇီဝသြဇာဆေးများ သုံးစွဲသည့် မိလ္လာစွန့်စနစ် အသုံးပြု စံပြကျေးရွာအဖြစ် ထူထောင်ထားခြင်းဖြစ်ရာ အင်းလေးကန် ရေပြင်ညစ်ညမ်းမှု မရှိစေရးအတွက် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။
ယခုအခါ အဆိုပါစံပြကျေးရွာတွင် အိမ်ခြေသုံးရာကျော်ရှိပြီးစိမ်ံစမ်းရေသွယ်စနစ် ရေပိုက်များမှတစ်ဆင့် သောက်သုံးရေသန့်များရရှိသုံးစွဲနိုင်ကြပြီး ဇီဝသြဇာသုံး ဖိုင်ဘာမိလ္လာအိုးများကို အသုံးပြုလျက်ရှိသည်။ အလားတူ အင်းလေးဒေသရှိ ရေပေါ်ကျေးရွာ ၃၀ တို့တွင်လည်း ဇီဝသြဇာသုံး ဖိုင်ဘာမိလ္လာအိုးများ အသုံးပြုနိုင်ရေး ဆက်လက်ဖော်ဆောင်သွာမည်ဖြစ်ကြောင်း သိရမည်။
အင်းလေးဒေသရှိ ကျေးရွာအများအပြားသည် ရေပေါ်ကျေးရွာများဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတုဇီဝဓာတ်မြေသြဇာများအစား သဘာဝမြေဆွေး၊ မြေသြဇာပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ ပိုးသတ်ဆေးများ ထုတ်လုပ်သုံးစွဲခြင်း၊ ရေသန့်နှင့် မိလ္လာသန့်စနစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းတို့ဖြင့် အင်းလေးကန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ကျန်းမာသန့်ရှင်း ရောဂါဘယကင်းဝေးရေးအတွက် ပိုမိုအထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

No comments: