Saturday, June 21, 2008

အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့၏ (၃၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (Asian Clearing Union-ACU) ၏(၃၇)ကြိမ်မြောက် ဒါရိုက်တာအဖွဲ့အစည်းအဝေးကို ဇွန်၁၈ရက် နံနက်၉နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာမြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်း၊ အေစီယူအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ အီရန်၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့မှ ဗဟိုဘဏ်ဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့် ယင်းနိုင်ငံများ၏ ဗဟိုဘဏ်အသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အေစီယူအထွေထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ လေ့လာသည့်နိုင်ငံအဖြစ် ဘီလာရုစ် ဗဟိုဘဏ်မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဦးသန်းညိန်းက အဖွင့်အမှာစကားပြောကြားရာတွင် အေစီယူအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်မှာ ဆယ်စုနှစ် သုံးခုကျော်ပြီဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဒေသတွင်းကုန်သွယ်ရေးနှင့် စီးပွားရေးတိုးတက်လာစေရန်၊ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ငွေပေးချေမှု နည်းလမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း၊ အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ ညီညီညွတ်ညွတ်ကြိုးပမ်းအားထုတ်မှုနှင့် ခွန်အားများသည် ကျရောက်လာနိုင်သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုအေစီယူအစည်းအဝေးသည် ထိရောက်မှုရှိသော မူဝါဒများကိုချမှတ်နိုင်ရန် အသိအမြင်နှင့် အတွေ့အကြုံများ ဖလှယ်ရန် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ အေစီယူဒါရိုက်တာအဖွဲ့အစည်းအဝေးကို ကျင်းပရာ သဘာပတိအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်းက ဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ဗဟိုဘဏ်ဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့် ကိုယ်စားလှယ်များက ACU Mechanism ဖြင့်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ငွေပေးချေမှုများတွင် အဆင်ပြေချောမွေ့စေရန် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းကြပြီး အစည်းအဝေးကို ညနေ၅နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
အေစီယူအဖွဲ့ကို ၁၉၇၄ ခုနှစ်၌စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ၁၉၇၇ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ အေစီယူအဖွဲ့ဝင်နိုင်ငံများအကြား ငွေပေးချေမှုနှင့် ငွေစာရင်းရှင်းလင်းမှုများ အပါအဝင် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းများကို အေစီယူအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သဖြင့် အဖွဲ့ဝင်နိုင်များအချင်းချင်း ကုန်သွယ်မှုလုပ်ငန်းများတွင် အကျိုးများစွာ ဖြစ်ထွန်းစေခဲ့ကြောင်းသိရှိရသည်။


No comments: