မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်မည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ INGOs များပါဝင်သော လေဘေးသင့်ပြည်သူများအတွက် အ ကူအညီပေးရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာအဖွဲ့အစည်းတို့ညှိနှိုင်းအစည်းအဝေးကို ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီ အနီးရှိ မီးသတ်ဦးစီးဌာန (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီအတွင်းရေးမှူးမုန်တိုင်းသင့်ဒေသများအတွက် အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်မောင်မောင်ဆွေ၊ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်မြင့်၊ မုန်တိုင်းသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂနှင့် INGOs များမှ အဖွဲ့ခေါင်းဆောင်များနှင့် ၀န်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေက ကုလသမဂ္ဂအဖွဲ့အစည်းများ၊INGOs များအနေဖြင့် အစားအသောက်များ၊ရွက်ဖျင်တဲများ၊ဆေးဝါးများ အပါအ၀င် အရေးပေါ်ကယ်ဆယ်ရေး၊အကူအညီပေးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောင်မြင်မှုရှိကြောင်း တွေ့ရှိရ၍ အထူးကျေးဇူးတင်ရှိပါကြောင်း၊ယခုကာလသည် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်ကာလဖြစ်ကြောင်း၊နိုင်ငံတော်က စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း၊နိုင်ငံတကာအဖွဲ့အစည်းများ၊အလှူရှင်များ၏ လှူဒါန်းငွေများကိုလည်း နိုင်ငံတော် ချမှတ်ထားသည့် လုပ်ငန်းစဉ်များနှင့်အညီ ထိထိရောက်ရောက်အကျိုးရှိစွာ သုံးစွဲစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် UNFPA မှ ဌာနေကိုယ်စားလှယ် Mr.Daniel B.Baker က ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် INGO s အုပ်စုခေါင်းဆောင်များက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆေက်ရေးလုပ်ငန်းများတွင် အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကြပြီး ၀န်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
No comments:
Post a Comment