နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ကြိုးပမ်းဖော်ဆောင်
ရာ၌ ပြည်ထောင်စုတစ်ဝန်း အကြားအလပ်မရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ သြဂုတ်၂၆ရက်က ဖွင့်လှစ်ခဲ့သော မြောင်ချောင်းတံတားသည် ၂၃၆စင်းမြောက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
မြောင်ချောင်းတံတားသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ကလေး-ဂန့်ဂေါလမ်း မိုင်တန်အမှတ် (၅၂/၆) နှင့် (၅၂/၇)ကြား၌ တည်ရှိသည်။ ယင်းတံတားကို ဖွင့်လှစ်နိုင်ခဲ့၍ မန္တလေး-မုံရွာ-ဂန့်ဂေါ-ကလေးလမ်းအတိုင်းနှင့် တံတားကိုဖြတ်ကျော်ပြီး ချင်းပြည်နယ် မြောက်ပိုင်းနှင့် တမူးမြို့တို့သို့ အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာ ဆက်သွယ်သွားနိုင်ပြီ ဖြစ်သည်။
ဂန့်ဂေါ-ကလေးလမ်းသည် ယခင်ကယာဉ်ငယ်များသာ သွားလာနိုင်ခဲ့ပြီး မိုးတွင်းကာလ၌ ချောင်းရေကြီးမှုကြောင့် ခရီးသွားလာရေးတွင် ကြန့်ကြာမှုများ၊အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ မြောင်းချောင်းတံတား တည်ဆောက်ဖွင့်လှစ်နိုင်၍ ရာသီမရွေးသွားလာနိုင်ပြီး ဒေသခံပြည်သူတို့ လွယ်ကူချောမွေ့စွာ ခရီးသွားလာနိုင်ကြပြီဖြစ်သည်။
ထို့ပြင်စိုက်ပျိုးသီးနှံများကို ဒေသတစ်ခုမှ တစ်ခုသို့ သယ်ယူပို့ဆောင်ပေးနိုင်ပြီး စိုက်ပျိုးရေးနည်းပညာများကိုလည်း ရရှိမည်ဖြစ်သည်။
တပ်မတော်အစိုးရ လက်ထက်တွင် မြောင်ချောင်းတံတားသည် ပေ၁၈၀အတက်တံတား ၂၃၆စင်းမြောက် ဖွင့်လှစ်နိုင်ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း ၁၉၈၈ခုနှစ်မတိုင်မီက ပေ၁၈၀အထက်တံတား ၃၆စင်းရှိနေပြီဖြစ်သည်။
မြောင်ချောင်းတံတားသည် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအကြား ဆက်စပ်သွားလာနိုင်သည့်အပြင် ချင်းပြည်နယ်မြောက်ပိုင်းအထိ သွားရောက်နိုင်ခြင်းဖြင့် ကွန်ယှက်သဖွယ် ယှက်နွှယ်နေပြီး စီးပွားရေးဖွံ့ဖြိုးမှုသာမက တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်နှီးမှုကိုပါ ပိုမိုခိုင်မြဲစေမည်ဖြစ်သည်။
နိုင်ငံတော်မှ တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှု၍ တံတားများတည်ဆောက်ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ရာ တံတားများအရှည် တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံတိုင်းရင်းသားပြည်သူများက ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment