Wednesday, September 24, 2008

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအသင်းဝင်များတက်ကြွစွာပါဝင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ဗဟို) တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းသည် စက်တင်ဘာ ၁၉ရက်က မကွေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်မှူးကြီး ဘုန်းမော်ရွှေ နှင့်အတူ မကွေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး အစည်းအဝေးခန်းမ၌ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၇၅အုပ်စုမှ အမှုဆောင်များအား တွေ့ဆုံ၍ အသင်း၏ လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ကြည့်ရှုစစ်ဆေး
တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းသည် စက်တင်ဘာ၂၀ရက် နံနက်ပိုင်းတွင် မကွေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်မှူးကြီးဘုန်းမော်ရွှေနှင့်အတူ မကွေးခရိုင် ရေနံချောင်း မြို့နယ် ကံကြီးကျေးရွာ၌ ရေနံချောင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပြုပြင် ဆောက်လုပ်ပေးသော ကျေးရွာခြောက်ရွာ သုံးစွဲသည့် သောက်ရေကန်နှင့် ရေပိုလွှဲ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးမှာကြား
ထို့နောက် တွဲဖက်အထွေထွေအတွင်းရေးမှူးသည် ရေနံချောင်းမြို့၌ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး အဆောက်အအုံဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ခန်းမ၌ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ၄၃အုပ်စုတို့မှ အမှုဆောင်များအား တွေ့ဆုံဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုကို သွားရောက် ကြည့်ရှု စစ်ဆေးပြီး ခန်းမ၌ ချောက်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ ၆၆အုပ်စုတို့မှ အမှုဆောင်များအား တွေ့ဆုံဆွေးနွေးမှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်
ထိုမှတစ်ဆင့် တွဲဖက်အထွေထွေအတွင်းရေးမှူးသည် ဆိပ်ဖြူမြို့နယ်သို့ သွားရောက်၍ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး အစည်းအဝေးခန်းမ၌ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၄၆အုပ်စုတို့မှ အမှုဆောင်များအား တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသင်းဝင်များက တက်ကြွစွာ ပါဝင်ဆောင်ရွက် ကြရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။

No comments: