ခရီးသည်ရောက်ရှိမှု တိုးမြှင့်ရေး ရှေ့လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်၌ ကျင်းပရာ အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်စိုးနိုင် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အေးမြင့်ကြူက အစည်းအဝေးတွင် တင်ပြရန်အချက်များကို ကြိုတင် ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက တင်ပြကြရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန နှင့် မြန်မာ့ လေကြောင်း ပို့ဆောင်ရေးတို့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် Tour Mandalay ခရီးသွားကုမ္ပဏီနှင့် နိုင်ငံခြားနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းနှင့် မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေး ကော်မတီတို့မှ တာဝန်ရှိသူတို့က နိုင်ငံခြားခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်ရေးနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးရာ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ဆက်လက်၍ အစီအစဉ်အရ ပုဂံ၊ မန္တလေး၊ အင်းလေးဟိုတယ်ဇုန်များမှ ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် ဧည့်လမ်းညွှန်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

No comments:
Post a Comment