Monday, October 27, 2008

တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက် မြန်မာ-တရုတ် ကုန်းသွယ်မှုကဏ္ဍတိုးမြှင့်

(၅)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်း အဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့၌ အောက်တိုဘာ ၂၂ရက်က ကျင်းပရာနိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်ခဲ့သည်။
တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသည် တရုတ်နှင့် အာဆီယံတို့အကြား စီးပွားရေး အသိုက်အ၀န်း နယ်ပယ်အသီးသီးတွင် အချင်းချင်း ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှုအတွက် အလေးအနက် ပြုရမည့် ဘူမိနက်သန်နေရာအဖြစ် ရောက်ရှိလာပြီဖြစ်သည်။
ယင်းအစည်းအဝေး၏ အဓိကရည်ရွယ်ချက်သည် တရုတ်နှင့် အာဆီယံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင်သာမက အခြားသော စီးပွားရေးနယ်ပယ် များတွင်လည်း ပိုမိုကျယ်ပြန့် သောအမြင်များဖြင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် တိုးတက်မှုရရန်ဖြစ်ပေသည်။
ယင်းအစည်းအဝေးကြီး နှင့်အတူ နန်နင်းနိုင်ငံတကာ အနုပညာပြပွဲ ၊ တတိယအကြိမ်မြောက် တရုတ်-အာဆီယံ ကြေးနန်းဆက်သွယ်ရေး ရက်သတ္တပတ်အစည်းအဝေးနှင့် အခြားစီးပွားရေးဖိုရမ်များကို တစ်ပြိုင်နက် ကျင်းပခဲ့ခြင်းသည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်အဟုန်ပိုမိုရရှိစေသည်။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှု ပမာဏကို လေ့လာကြည့်ပါလျှင် ၂၀၀၅ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ဒသမ၅ဘီလီယံရှိပြီး ၂၀၀၇-၂၀၀၈တွင် အမေရိကန်ဒေါ်လာ ၂ဒသမ၄ ဘီလီယံအထိ တိုးတက်ခဲ့ကြောင်းတွေ့ရသည်။
မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ စတုတ္တနေရာ၌ ရှိနေပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်နေသော ကဏ္ဍများမှာ သတ္တု၊စက်မှု၊ လျှပ်စစ် ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့ ဖြစ်ကြသည်။
သို့ဖြစ်ပေရာ ကျင်းပပြီးစီးခဲ့သော တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေး ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားတွင် လည်းကောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား၌ လည်းကောင်း ကုန်သွယ်ရေးပမာဏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်မြင့်လာ နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: