ကမ္ဘာ့အင်အားကြီးဆုံး ဗဟိုဘဏ်၏ အကြီးအကဲအဖြစ် မစ္စတာအလန်ဂရင်းစပန်းက ကွန်ကရက်လွှတ်တော် ရှေ့မှောက်တွင် အကြိမ်ပေါင်းများစွာ သက်သေခံ ထွက်ဆိုမှုများပြုခဲ့သည်မှာ နှစ် ၂၀ နီးပါး ရှိခဲ့သည်ဖြစ်သည်။ ကြားနားမှုတိုင်းတွင် အမတ်များက သူ၏ စီးပွားရေးပညာများကို အားကိုး၍ တောင်းခံနားထောင်လေ့ ရှိခဲ့ကြသည်။ ယခုတစ်ကြိမ်တွင်မူ အမတ်များက ချီးမွမ်းမှုများအစား အသက် ၈၂ နှစ်ရှိ အမေရိကန် ဗဟိုဘဏ် အကြီးအကဲဟောင်းအား လက်ရှိငွေကြေး အကြပ်အတည်းနှင့် ပတ်သက်၍ အပြစ်များပုံချကြပြီး အချိန်တိုင်းတွင် ၄င်းအား အမှားပြုခဲ့သလား၊ ဘာကြောင့်မှားခဲ့သလဲ၊ ထိုကိစ္စအတွက် ဝမ်းနည်းမှု ရှိမရှိ စသည်တို့ကို မေးခဲ့ကြသည်။တင်းမာသည့် မျက်နှာပိုင်ရှင် မစ္စတာဂရင်းစပန်းကမူ အကန့်အသတ်နှင့် ခုခံမှုကိုသာ ပြုလုပ်နိုင်ခဲ့သည်။ ဗဟိုဘဏ်ဥက္ကဌ ဘဝမှ နှုတ်ထွက်ခဲ့၍ သုံးနှစ်နီးပါး ကြာခဲ့ပြီးနောက် နှိမ့်ချမှုဖြင့် ပြည့်ဝလာခဲ့သည်။ မစ္စတာဂရင်းစပန်းက ၄င်းအနေဖြင့် မိမိကိုယ်တိုင် ပြန်လည်ပြင်ဆင် တည့်မတ်နိုင်သည့် စီးပွားရေးစနစ်၏ စွမ်းအားကို ယုံကြည်မှုများ လွန်းသွားကြောင်း ဝန်ခံခဲ့ပြီး တမင်ဖန်တီးလာသည့် အပေါင်ချေးငှားခြင်း၏ မိမိကိုယ်ကို ဖျက်ဆီးနိုင်စွမ်း ကြိုတင်တွက်ချက်ရန် ပျက်ကွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်၁၀၀လျှင် တစ်ခါသာဖြစ်ပေါ်တတ်သည့် ငွေကြေးဆူတာမီ လှိုင်းကြီးကို ဖန်တီးခဲ့သည်။ ငွေကြေးဈေးကွက်များ ပြိုကျပျက်စီးခြင်းကို မယုံကြည်နိုင်သော တုန်လှုပ်မှုဖြင့် မြင်တွေ့အသိအမှတ် ပြုခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
အောက်လွှတ်တော် ကော်မတိ၏ ဥက္ကဌဟင်နရီဝက်ကစ္စမန်းနှင့် အခြားဒီမိုကရက်တို့၏ တင်းမာသော မေးခွန်းထုတ်မှုများကို မစ္စတာဂရင်းစပန်းက လွတ်လပ်မည့် ဈေးကွက်အင်းအားစုများမှ ဤ အကျပ်အတည်းကို ကာကွယ်မည်ဟု သတ်မှတ်ထားခဲ့ခြင်းမှာ မှားကြောင်းဝန်ခံခဲ့သည်။
မစ္စတာဝက်ကစ္စမန်းက ပြည်ထောင်စု ဗဟိုဘဏ်တွင် တာဝန်မဲ့သည့် ချေးငှားနေမှုအား တားမြစ်ရန် အခွင့်အာဏာရှိသည်။ သို့သော် ဗဟိုဘဏ်၏ ဥက္ကဌအဖြစ် ကြာမြင့်စွာ ဆောင်ရွက်ခဲ့သည့် အလန်ဂရင်းစပန်းက ဝင်ရောက်စွက်ဖက်ရန် တောင်းပန်မေတ္တာရပ်ခံမှုများအား ပယ်ချခဲ့သည်ဟု ဆိုသည်။ 'ခင်ဗျားမှားခဲ့သလား' ဟူ၍ မစ္စတာဝက်ကစ္စမန်း၏ မေးမြန်းမှုကို တစ်စိတ်တစ်ဒေသအားဖြင့် မှားကြောင်း မစ္စတာဂရင်းစပန်းက စိတ်မပါစွာ ဖြေကြားခဲ့သည်။
" ငွေချေးငှားသည့် အဖွဲ့အစည်းများသည် အစုရှယ်ယာဝင်များ၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် မိမိတို့ဘာသာ လုပ်ဆောင်ရမည်ဟု ကျွန်ုပ်အပါအဝင် ယုံကြည်မျှော်လင့်ခဲ့သူများကို မယုံကြည်နိုင်လောက်အောင် တုန်လှုပ်ခဲ့စေကြောင်း" ဟု ၄င်းက ပြောကြားခဲ့သည်။ ဒေဝါလီခံရမည်အထိ ဖြစ်စေမည့် အန္တရာယ်ကြီးမားသည့် ချေးငှားမှုကို ၄င်းတို့ဘာသာ ရှောင်ရှားကြမည်ဟု ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများအပေါ် ထင်မှတ်ထားခဲ့သည်မှာ သူ၏အမှားဖြစ်ကြောင်း မစ္စတာဂရင်းစပန်းက ပြောကြားခဲ့သည်။ အထူးသဖြင့် ဘဏ်များနှင့် ၄င်းတို့၏ အစုဝင်များ၏ ကုမ္ပဏီအတွင်းရှိ ငွေတန်ဘိုးများကို အကောင်းဆုံး အကာအကွယ်ပေးနိုင်သူများဟု ယူဆယုံကြည်ခဲ့ခြင်းအမှားတစ်ခုကို မိမိပြုလုပ်ခဲ့ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။ ဘဏ်လုပ်ငန်းများ အရာရှိများက ၄င်းတို့၏ အုပ်စုရှယ်ယာဝင်များအား မရမည့်ကြွေးမြီချေးငှားရန် ဆုံးဖြတ်ချက်များမှ ကာကွယ်ရန်ပျက်ကွက် ခဲ့မှုကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုနှင့် လွတ်လပ်သော ဈေးကွက်တို့၏ အရေးကြီးသော ထောက်တိုင်ကြီး ကျိုးကျသွားခြင်းဖြစ်ကြောင်း ဘာကြောင့် ဤကဲ့သို့ဖြစ်ရသည်ကို ယခုတိုင်ပြည့်စုံစွာ နာမလည်နိုင်သေးကြောင်း ၄င်းကပြောကြားခဲ့သည်။
ဝါရှင်တန်ရှိ အခြားဘဏ် လုပ်ငန်းစည်းမျဉ်း ထိန်းချုပ်သူများနည်းတူ မစ္စတာဂရင်းစပန်းက အိမ်မြေအပေါင်ခံခြင်းများတွင် စည်းကမ်းများ တင်းကြပါရန် တောင်းဆိုမှုများကို မလိုက်နာခဲ့ဘဲ ပြည်သူလူထုအား ၄င်းတို့တတ်နိုင်မည်ထက် ပိုမိုချေးငှားကြခြင်း ကို ခွင့်ပြုခဲ့သည်။
ဗဟိုဘဏ်တွင်လှည့်စားမှု ပါဝင်သောချေးငှားခြင်းများကို တားမြစ်နိုင်ရန် ကျယ်ပြန့်စွာအာဏာရှိနေသည်။ သို့သော် ၄င်းသည် အိမ်များဆောက်လုပ်မှု လုပ်ငန်းကြီးထွားနေချိန်တစ်လျှောက် အနည်းငယ်မျှသာ အရေးယူ အလေးထားခြင်းရှိခဲ့ရာ အိမ်မြေအပေါင်ထား ချေးငှားမှုများ၏ တစ်ရာခိုင်နှုန်း ထက်နည်းသော အရေအတွက်သည်သာ ဥပဒေအရကန့်သတ် မှုများအတိုင်း လိုက်နာခဲ့ကြသည်။ အောက်လွှတ်တော် ကော်မတီ၏ ဥက္ကဌဟင်နရီဝက်ကစ္စမန်း၏ တင်းကြပ်သည့် မေးခွန်းများတွင် " ခင်ဗျား၏ ကမ္ဘာအပေါ် အမြင်နဲ့ခင်ဗျားရဲ့
အတွေးအခေါ်တွေ မမှန်ကန် အလုပ်မဖြစ်ကြောင်း တွေ့ရှိခဲ့တယ်မဟုတ်လား" ဟူသည့် မေးခွန်းများပါဝင်ခဲ့သည်။
မစ္စတာဂရင်းစပန်းက အတိအကျ လုံးဝမှန်ကန်ကြောင်း ထိုအကြောင်းကြောင့်ပင် ကျွှန်ုပ်တုန်လှုပ်ခဲ့ခြင်း ဖြစ်သည်ကို အတိအကျပြောနိုင်ကြောင်း နှစ်ပေါင်း ၄၀ ကျော်မျှ ထိုသဘောတရားက ကောင်းမွန်စွာ အလုပ်လုပ်ခဲ့သည့် အထောက်အထားများစွာ ရှိခဲ့ကြောင်းပြောကြားခဲ့သည်။

No comments:
Post a Comment