Monday, December 8, 2008

မျိုးရိုးဇာတိဂုဏ်အင် ထာဝစဉ် ထိန်းသိမ်းမြှင့်တင်

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် မိမိတို့ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရေးသည် အရေးကြီးသည်။ မြန်မာ့ယဉ်ကျေးမှုသည် နှစ်ပေါင်းထောင်နှင့်ချီ၍ ဖြစ်တည်ထွန်းကားလာခဲ့သည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်မူဟန်၊ ကိုယ်ပိုင်ဓလေ့ထုံးစံတို့သည် ယနေ့ကာလတိုင် တည်တံ့ခိုင်ခံ့နေဆဲဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသားတိုင်းက မိမိတို့၏ နိုင်ငံကိုအသက်ပေး၍ ကာကွယ်စောင့်ရှောက်ရုံမျှမက မြန်မာ့ယဉ်ကျေးမှု လူမှုရေးတံတိုင်းကိုလည်း ခိုင်ခိုင်မာမာ ကာရံတည်ဆောက် ထားကြရမည်ဖြစ်သည်။ အထူးသဖြင့် ဝံသာနုရက္ခိတတရားဟူသော အမျိုးကိုချစ်သည့်စိတ်ထား၊ အမျိုးစောင့်တရား ရင့်သန်ကြံ့ခိုင်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်သွားကြရမည် ဖြစ်ပါသည်။
ယနေ့ကမ္ဘာ့နိုင်ငံများအကြား ဆက်စပ်ယှက်နွှယ် ပြောင်းလဲလာမှုများနှင့်အတူ သိပ္ပံနှင့်နည်းပညာများ၊ အတွေးအခေါ်၊ အသိအမြင်၊ ဗဟုသုတများ ခေတ်နှင့်အညီ တိုးတက်မြင့်မားလာခြင်းသည် ကောင်းသောလက္ခဏာရပ်ဖြစ်သည်။ ပြောင်းလဲလာသော လူမှုပတ်ဝန်းကျင်တွင် ခေတ်အလိုက် ဆန်းသစ်တီထွင်မှုများရှိရန်လည်း လိုအပ်ပေသည်။ သို့သော်ယဉ်ကျေးမှုနှင့် စီးပွားရေးတံခါးပေါက်များမှတဆင့် စိမ့်ဝင်ထိုးဖောက်လာသည့် ပြည်ပမှတေးဂီတ၊ သီဆိုတင်ဆက်မှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ နေထိုင်ဆက်ဆံကျင့်သုံးမှု စသည်တို့ကို အထင်ကြီးပြီး တစ်သဝေမတိမ်း အတုယူပြောင်းလဲကျင့်သုံးလာခြင်းမျိုး မရှိစေရန်မူ သတိပြုဆင်ခြင်ကြရမည်ဖြစ်သည်။
အထူးသဖြင့် မြန်မာ့လူမှုပတ်ဝန်းကျင်တွင် ယဉ်ကျေးမှုအမြင် မတင့်တယ်သည့် မလုံမခြုံဝတ်စားဆင်ယင်နေမှု၊ မြန်မာ့ဓလေ့စရိုက်နှင့် မကိုက်ညီသည့် ပြုမူပြောဆိုမှု၊ ဟီရိသြတ္တပ္ပကင်းမဲ့သည့် နေထိုင်ဆက်ဆံမှုများ မပြုလုပ်ကြစေရေး ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် လိုအပ်ပေသည်။
နိုင်ငံသူ၊နိုင်ငံသားတိုင်းက မိမိတို့ရိုးရာဓလေ့စရိုက် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းမရှိပါက အမျိုးဂုဏ်၊ ဇာတိဂုဏ် လျော့ပါးပြီး နိုင်ငံနှင့်လူမျိုးပါ ပျောက်ကွယ်သွားနိုင်သည်ကို အစဉ်သတိပြုကြရမည် ဖြစ်သည်။ သို့ဖြစ်၍ မျိုးဆက်သစ်လူငယ်လူရွယ်များ အပါအဝင် မိဘပြည်သူအားလုံးက ပြည်ပယဉ်ကျေးမှု၊ လူနေမှုဓလေ့စရိုက်နှင့် ဝတ်စားဆင်ယင်မှုများကို ခေတ်မီဆန်းသစ်သည်ဟု သတ်မှတ်ယူဆ အတုယူမမှားကြဘဲ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့်သာ မြန်မာ့မျိုးရိုးဇာတိဂုဏ်အင် မြင့်မားရေး ထာဝစဉ် ထိန်းသိမ်းမြှင့်တင်သွားနိုင်မည် ဖြစ်ပါသည်။

No comments: