Tuesday, January 6, 2009

နေပြည်တော်ရေပန်းဥယျာဉ်အတွင်းရှိရေတံခွန်၊ကြိုးတံတားနှင့်နေပြည်တော်ပျဉ်းမနားဗိုလ်တောက်ထိန်လမ်းကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ




၂၀၀၉ခုနှစ်(၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်ပြီးစီးသွားသော နေပြည်တော် ရေပန်းဥယျာဉ်အတွင်းရှိ ရေတံခွန်၊ ကြိုးတံတားနှင့် နေပြည်တော်ပျဉ်းမနား ဗိုလ်တောက်ထိန်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားများသို့ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး မြို့တော်ဝန် ဗိုလ်မှူးကြီးသိန်းညွန့်နှင့် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ မင်္ဂလာအချိန် နံနက်၈နာရီတွင် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်၊ မြို့တော်ဝန် ဗိုလ်မှူးကြီးသိန်းညွန့်နှင့် သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်တို့က နေပြည်တော် ရေပန်းဥယျာဉ်အတွင်းရှိ ရေတံခွန်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်က ရေတံခွန်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တိုင်းမှူးနှင့်မြို့တော်ဝန်တို့က ရေတံခွန်ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ နေပြည်တော် ရေပန်းဥယျာဉ် ရေတံခွန်လိုဏ်ဂူအတွင်း လှည့်လည်ကြည့်ရှုကြသည်။
အမွှေးနံ့သာရည်ပက်ဖျန်း
ဆက်လက်၍ နေပြည်တော်ရေပန်းဥယျာဉ်အတွင်းရှိ ကြိုးတံတားဖွင့်ပွဲကို ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်၊ မြို့တော်ဝန် ဗိုလ်မှူးကြီးသိန်းညွန့်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေတို့က ကြိုးတံတားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်က ကြိုးတံတားဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တိုင်းမှူးနှင့် မြို့တော်ဝန်တို့က ကြိုးတံတားဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် တိုင်းမှူး၊ မြို့တော်ဝန်နှင့် ဧည့်သည်တော်များသည် ကြိုးတံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုကြသည်။
ဖြတ်သန်းကြည့်ရှု
ဆက်လက်၍ တိုင်းမှူးနှင့် ၀န်ကြီးများသည် နေပြည်တော်ပျဉ်းမနားမြို့နယ် ဗိုလ်တောက်ထိန်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မင်္ဂလာအချိန်တွင် တိုင်းမှူးဗိုလ်ချုပ်ဝေလွင်၊ မြို့တော်ဝန် ဗိုလ်မှူးကြီးသိန်းညွန့်နှင့် ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေတို့က ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး တိုင်းမှူး၊ မြို့တော်ဝန်နှင့် ဧည့်သည်များသည် ကတ္တရာလမ်းသစ်ကို ဖြတ်သန်းကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

No comments: