နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဇနီး ဒေါ်မြမြစန်း အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယသမ္မတနှင့်ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုနှုတ်ဆက်
ပြည်ထောင်စု မြန်မာနိုင်ငံတော်-နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဇနီးဒေါ်မြမြစန်းတို့၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယသမ္မတ ရှရီအမ်ဟာမစ် အန်ဆာရီနှင့် ဇနီး ရှရီမာတီ ဆယ်မာအန်ဆာရီတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ့မွန်းလွဲပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာကြသည်။
ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယသမ္မတ ရှရီအမ်ဟာမစ် အန်ဆာရီနှင့် ဇနီး ရှရီမာတီ ဆယ်မာအန်ဆာရီတို့ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဇနီးဒေါ်မြမြစန်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ဇနီးဒေါ်ခင်လေးသက်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့် ဇနီး ဒေါ်ခင်စောနှင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်၊ အစိုးရအဖွဲ့ -အဖွဲ့ဝင် ဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး နှင့်ဇနီး၊ စစ်သံမှူး နှင့်တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ရှေးဦးစွာ ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယသမ္မတ ရှရီအမ်ဟာမစ် အန်ဆာရီနှင့် ဇနီး ရှရီမာတီ ဆယ်မာအန်ဆာရီတို့ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့၏ အထူးလေယာဉ်သည် မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်လေဆိပ်သို့ ဆိုက်ရောက်လာရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဇနီးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူရန် နေပြည်တော်လေဆိပ်ရှိ အလေးပြုစင်မြင့်သို့ သွားရောက်ကြပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။
ဆက်လက်၍ ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယသမ္မတနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့သည် ဂုဏ်ပြုတပ်ဖွဲ့ ကို စစ်ဆေးကြသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယသမ္မတ နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသူများအား ရင်းရင်နှီးနှီးနှုတ်ဆက်သည်။
အလားတူ ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယသမ္မတကလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့်အတူ ကြိုဆိုနှုတ်ဆက်သူများအား ရင်းရင်နှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယသမ္မတနှင့် ဇနီးတို့ဦးဆောင်သည့် ချစ်ကြည်ရေးအဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် နေပြည်တော် ဟော်တယ်ဇုံသို့ ထွက်ခွာသွားကြရာ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့်အဖွဲ့ဝင်များက ပို့ဆောင်နှုတ်ဆက်ကြသည်။

No comments:
Post a Comment