ရှေးဦးစွာ တိုင်းမှူးသည် နံနက် ၆ နာရီခွဲတွင် ဗိုလ်တထောင်မြို့နယ် ရေကျော်လမ်းမပေါ်ရှိ YMBA အသင်းရုံးသို့ ရောက်ရှိလာရာ အစည်းဝေးခန်းမ၌ ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက တိုင်းအတွင်းနှင့် မြို့နယ်များအတွင်း ရောဂါဖြစ်ပွားမှု၊ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုအခြေအနေများ၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့သည် ပုဇွန်တောင်မြို့နယ် (၇)ရပ်ကွက် လိပ်ကန် လမ်းတစ်လျှောက်နှင့် ဗိုလ်တထောင်မြို့နယ် (၆)ရပ်ကွက် ကမ်းနားလမ်းနှင့် ဗိုလ်ကလေးဈေးလမ်း တစ်လျှောက်တို့၌ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ကျမ်းမာရေး ပညာပေး ဟောပြောနေမှုများ၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ဆေးစိမ်ခြင်ထောင် ဆောင်ရွက်မှုလုပ်ငန်းများ၊ ခြင်ဆေးဖျန်းစက် အသုံးပြု၍ (Block Spray) စနစ်ဖြင့် နေရာလပ်မရှိ ကွက်ပြည့် ခြင်ဆေးဖျန်းဆောင်ရွက်နေမှုများ၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment