နိုင်ငံတော်အစိုးရသည် မြန်မာ့သမိုင်းအထောက်အထားများကို ရှေးဟောင်းသုတေသနနည်းပညာများဖြင့် ရှာဖွေဖော်ထုတ်လျက်ရှိသည်။ ယင်းသို့ဖော်ထုတ်ရာတွင် မန္တလေးတိုင်းမိတ္ထီလာခရိုင် သာစည်မြို့နယ် ရွာကုန်းကြီးကျေးရွာ ပတ်ဝန်းကျင်ရှိကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သည့် အထောက်အထားများကို သုတေသနပြုလေ့လာခဲ့သည်။ မြန်မာ-ပြင်သစ် ပူးပေါင်းသုတေသနလုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံတွင် တိမ်မြုပ်ပျောက်ကွယ်နေသော ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု အထောက်အထားများကို ခိုင်မာအောင် ဖြည့်ဆည်းဆောင်ရွက်ရန် တူးဖော်သုတေသနပြုရာ၌ လူရုပ်အလောင်း ၄၄ခုမြုပ်နှံထားသည့် အထောက်အထားများနှင့်အတူ ကြေးစည်ထုပ်ငယ်နှစ်ထုပ်၊ သံထည်ပစ္စည်းနှစ်ခု၊ ရောင်စုံကျောက်ပုတီးစေ့၁၄လုံး၊ ကျောက်ချောလက်နက်တစ်ခု၊ ချည်ငင်ရာတွင် အသုံးပြုသည်ဟု ယူဆရသော မြေမီးဖုတ်လွန်းဆံငယ်နှစ်ခုနှင့် မြေထည်ပစ္စည်းအမျိုးမျိုးတို့ကို လေ့လာတွေ့ရှိခဲ့သည်။
သံထည်ပစ္စည်းများကို ကြေးခေတ်၊ သံခေတ်ဒေသများဖြစ်သည့် ရွာထင်(ပျော်ဘွယ်)နှင့် ကန်သစ်ကုန်း(သာစည်)တို့၌လည်း တွေ့ရှိရသည်။ ချည်ငင်ရာတွင် အသုံးပြုသည်ဟု ယူဆရသော မြေမီိးဖုတ် လွန်းဆံငယ် ပစ္စည်းမျိုးကိုလည်းတွေ့ရှိရသည်။ အထူးသဖြင့် ထိုပစ္စည်းမျိုးကို မြို့ပြထူထောင်သည့် ဒေသများတွင် အများအပြားတွေ့ရလေ့ရှိပြီး မြေမီးဖုတ်ပုတီးစေ့ဟု ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။ ရုပ်ကြွင်းငါးခုမှာ အခေါင်းဖြင့် ထည့်သွင်းမြုပ်နှံထားသည်ဟု ယူဆရပြီး အလားတူမြုပ်နှံမှုကို ရွာထင်(ပျော်ဘွယ်)၊ မြို့လှ(ရမည်းသင်း)၊ ထုံးဘို(ပျော်ဘွယ်) စသည့်ကြေးခေတ်၊ သံခေတ်ဒေသများတွင်လည်း တွေ့ရှိရသည်။
ရွာကုန်းကြီးတူးဖော်မှုလုပ်ငန်းမှ တွေ့ရှိရသော ရုပ်ကြွင်းများမြုပ်နှံထားမှုနှင့် ဆက်စပ်မြုပ်နှံထားသောပစ္စည်းများ၊ ကျောက်ခေတ်နှောင်းယဉ်ကျေးမှုတွင် အသုံးပြုလေ့ရှိသော ကျောက်လက်နက်ပစ္စည်းများ၊ အိုးကွဲခြမ်းအပိုင်းအစများအား လေ့လာချက်အရ အဆိုပါဒေသ၌ ကျောက်ခေတ်နှောင်း ယဉ်ကျေးမှုနှင့် သံခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သည်ဟု ယူဆရကြောင်း ပညာရှင်များက လေ့လာသုံးသပ်ခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တူးဖော်ရရှိသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း အထောက်အထားများသည် သက်သေအဖြစ်တည်ရှိနေရာ ထိုတူးဖော်ရရှိသော ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကို တိုင်းရင်းသားပြည်သူများက အမျိုးသားရေးတာဝန်အဖြစ် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment