မြန်မာနိုင်ငံသည် ရေသယံဇာတ၊ မြေသယံဇာတနှင့် ကုံလုံကြွယ်ဝသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ ဧရိယာအကျယ်အဝန်း ထက်ဝက်ကျော်သည် သစ်တောများဖုံးလွှမ်းနေပြီး သစ်တောများက လူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝအလျောက် ကျွန်းပင်များပေါက်ရောက်သည့် နိုင်ငံများ၌ပါဝင်ပြီး မြန်မာ့သဘာဝကျွန်းတောထွက် ကျွန်းသစ်များသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် လူကြိုက်အများဆုံးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည်။
သစ်တောဦးစီးဌာန၏ ၁၉၉၀ပြည့်နှစ်မတိုင်မီက မှတ်တမ်းတင်ထားသော ကိန်းဂဏန်းများအရ ကမ္ဘာ့သဘာဝ ကျွန်းတောပေါက်ရောက်မှု ဟက်တာ၂၇ဒသမ၂၉သန်းရှိသည့်အနက် မြန်မာနိုင်ငံတွင် ဟက်တာ ၁၆ဒသမ၅၂သန်းရှိသဖြင့် ကမ္ဘာ့သဘာဝ ကျွန်းတောဧရိယာ၏ ၆၀ဒသမ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ပဲခူးရိုးမသစ်တောဧရိယာ၌ သဘာဝကျွန်းတော အများအပြားပေါက်ရောက်ခဲ့သည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သစ်တောကဏ္ဍတွင် ၁၉၉၈-၁၉၉၉မှစ၍ ကျွန်းစိုက်ခင်းအထူးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ပဲခူးရိုးမအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၁၉၉၈-၁၉၉၉မှစ၍ ၂၀၀၂-၂၀၀၃ခုနှစ်အထိ ငါးနှစ်ဆက်တိုက် တစ်နှစ်လျှင် ဧက၂၀၀၀၀နှုန်းဖြင့် ဧကတစ်သိန်း စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ၂၀၀၃-၂၀၃၈ အထိငါးနှစ်စီမံကိန်း ခုနှစ်ကြိမ်တွင် စီမံကိန်းနှစ်များအတွင်း ကျွန်းပင်များတိုးချဲ့ စိုက်ပျိုးတည်ထောင်သွားရန် စီမံကိန်းချမှတ်ထားသည်။ ယခုအခါ သစ်တောစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ထုတ်လုပ်ခွင့်ကို ဥပဒေနှင့်အညီ တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ဖက်စပ်အဖွဲ့အစည်းများကိုပါ မြေလွတ်မြေရိုင်းများ ခွင့်ပြုပေးပြီး စိုက်ပျိုးခွင့်ပြုလျက်ရှိသည်။
မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍကို အမျိုးသားလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနေသော သစ်တောများကို ရေရှည်တည်တံ့ ဖြစ်ထွန်းပေါက်ရောက်စေရန် တိုင်းရင်းသားပြည်သူအပေါင်းက ဝိုင်းဝန်းပျိုးထောင် ထိန်းသိမ်းစောင့်ရှောက် သွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment