Friday, March 20, 2009

အင်ဒိုနီးရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှုခိုင်မြဲရေး ဆက်လက်ကြိုးပမ်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတဒေါက်တာဆူဆီလိုဘန်ဘန်းယူဒိုရိုနို၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့တော်သို့ မတ်လ၁၆ရက်နေ့က အလည်အပတ်ရောက်ရှိခဲ့သည်။ ဂျကာတာမြို့ အီစတာနာမာဒေးကားသမ္မတနန်းတော်ရှိ Reception Hall ၌နှစ်နိုင်ငံခေါင်းဆောင်သော အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယင်းနေ့၌ပင် ကျင်းပခဲ့သည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံသမ္မတ ဒေါက်တာဆူဆီလိုဘန်ဘန်းယူဒိုရိုနိုက မိမိတို့နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ရေး၊ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်စွာ ဆက်လက်တည်တံ့ရေးတို့ကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပေသည်။ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် နှစ်ကာလရှည်ကြာကပင် ချစ်ကြည်ရင်းနှီးခဲ့ကြပြီး အာဆီယံမိသားစု အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်ကြသည်။ နှစ်နိုင်ငံနီးနီးကပ်ကပ်ရှိပြီး နားလည်မှုနှင့် ခင်မင်ရင်းနှီးမှု၊ နှစ်နိုင်ငံအကြားတွင်ရှိသည့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု၊ လက်တွဲမှုတို့သည် လွတ်လပ်ရေးမရမီကတည်းက စတင်ခဲ့ခြင်းဖြစ်ပေသည်။
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနှင့် နိုင်ငံတကာနယ်ပယ်၌ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအပေါ် အခြေအနေမှန်များကို မျက်ကွယ်ပြုပြီး ဖိအားပေးမှုများကို အင်ဒိုနီးရှားသမ္မတနိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်းကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ပေသည်။ အင်ဒိုနီးရှားသမ္မတနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်များတွင် မြန်မာနိုင်ငံအပေါ် တစိုက်မတ်မတ် ထောက်ခံမှုပြုခဲ့ပေသည်။ မြန်မာ-အင်ဒိုနီးရှား ပူးတွဲကော်မရှင် ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် ကဏ္ဍစုံ၌ စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို များစွာအထောက်အကူ ပြုလျက်ရှိသည်။
ကုန်သွယ်ရေးနှင့် ရင်းနှီိးမြှုပ်နှံမှု၊ ငွေရေးကြေးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သစ်တောကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ ပြန်ကြားရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများကို နှစ်နိုင်ငံဆွေးနွေး ပြောကြားခဲ့ကြသည်။ သို့ဖြစ်ပေရာ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခွင့်ရရှိခြင်းသည် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဖော်ထုတ်သွားနိုင်မည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုအဓွန့်ရှည်တည်တံ့စေနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: