Thursday, March 5, 2009

အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး နမ့်ဆန်မြို့နယ် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု တပ်မတော်လက်ဖက်ခြောက်စက်ရုံ၌ လာမည့်လက်ဖက်ရာသီအတွက် စက်များ စမ်းသပ်လည်ပတ်နေမှု စစ်ဆေး






ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ရောက်ရှိနေသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာရာ နမ့်ဆန်မြို့သို့ နံနက် ၉နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြသည်။

အတွင်းရေးမှူး(၁)နှင့်အဖွဲ့ဝင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်လှမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ဘုရားကြီးရွာအနီးရှိ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံတည်ဆောက်ရန် လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးရာ နမ့်ဆန်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးသန်းလွင်က နမ့်ဆန်မြို့ပြမြေပုံဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အတွင်းရေးမှူး(၁)နှင့်အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံတည်ဆောက်ရန် သင့်လျော်မည့် မြေနေရာများကို လှည့်လည်၍ ကြည့်ရှုရွေးချယ်ကြသည်။
ထိုမှတစ်ဆင့် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ တပ်မတော်လက်ဖက်ခြောက်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လာမည့် လက်ဖက်ရာသီတွင် ထုတ်လုပ်မှုလုပ်ငန်းများ အဆင်သင့်ဆောင်ရွက်ရန်အတွက် စက်ပစ္စည်းများ ပြုပြင်ပြီးစီးနေပြီဖြစ်၍ စမ်းသပ်လည်ပတ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူး ဦးသန်းထွန်းက လိုက်လံရှင်းလင်း ပြသသည်။
လာမည့် လက်ဖက်ရာသီတွင် လက်ဖက်ထုတ်လုပ်မှုလုပ်ငန်းများကို စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းပြုပြင်မွမ်းမံမှုလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ ဇယန်းကြီးရပ်ကွက်ရှိ ဇယန်းကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး ဇယန်းကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိစနှင့် ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ထိုမှတစ်ဆင့် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံနှင့် ဆေးရုံဝင်းအတွင်းရှိ အဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် အတွင်းရေးမှူး(၁)သည် နမ့်ဆန်မြို့ ပြည်သူဆေးရုံ အစည်းအဝေးခန်းမ၌ ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုများအား တွေ့ဆုံသည်။
ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းဌေးက ဆေးရုံ၌ လူနာများတက်ရောက်ကုသမှုအခြေအနေနှင့် ဒေသတွင်း အဖြစ်များသည့် ရောဂါများအခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အတွင်းရေးမှူး(၁)က တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး လူနာများအား နွေးထွေးကြင်နာစွာ ကြိုဆိုကုသပေးရေး၊ ပြည်သူများက ယုံကြည်အားကိုးသည့် ဆေးရုံတစ်ရုံဖြစ်လာစေရန် ကုသရေးနှင့် ဆက်ဆံရေးအမြဲကောင်းမွန်နေစေရေး၊ ကျေးရွာများအထိ ကွင်းဆင်း၍ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရေးတို့ကို မှာကြားသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်က ဆေးပစ္စည်းများကိုလည်းကောင်း၊ ဒုတိယ၀န်ကြီး ဒေါက်တာမြဦးက ဆေးပဒေသာပင် အလှူငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းဌေးက လက်ခံသည်။
ဆက်လက်၍ အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ဘုရားကြီးရပ်ကွက် အထက်မဟာမုနိဘုရားကြီးကုန်းတော်သို့ ရောက်ရှိကြပြီး ဘုရားကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇ၀န္တအား ဖူးမြော်ကြည်ညိုကြကာ သင်္ကန်းဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အတွင်းရေးမှူး(၁)သည် နမ်ဆန်မြို့ မဟာမုနိဗုဒ္ဓရုပ်ပွားတော်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းပြီး ဧည်သည့်တော်မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကာ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံထားမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

No comments: