Monday, March 30, 2009

နက္ခတ်တာရာပြခန်း(နေပြည်တော်) အောင်မြင်စွာဖွင့်လှစ်နိုင် မျိုးဆက်သစ်လူငယ်များ အာကာသသိပ္ပံပညာ စူးစမ်းလေ့လာနိုင်ကြမည်

သစ်တောရေးရာဝန်ကြီးဌာန နက္ခတ်တာရာပြခန်း (နေပြည်တော်) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ တိရိစ္ဆာန်ဥယျာဉ်(နေပြည်တော်) အနီး အဆိုပါပြခန်း၌ မတ်လ၂၆ ရက်နေ့က ကျင်းပရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်း ရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ နက္ခတ်တာရာပြခန်း(နေပြည်တော်)ကို ပြည်သူလူထုအပန်းဖြေကြည့်ရှုနိုင်ရန်၊ ဗဟုသုတများ တိုးပွားစေရန်နှင့် အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ အာကာသသိပ္ပံပညာရပ်များကို လေ့လာစူးစမ်းလိုစိတ်များ ကိန်းအောင်းဖြစ်ပေါ်လာစေရန် ရည်ရွယ်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။
နက္ခတ်တာရာပြခန်း ဒီဇိုင်းပုံစံနှင့် အဆောက်အအုံတည်ဆောက်မှုအားလုံးကို နိုင်ငံသားအင်ဂျင်နီယာများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မြန်မာအင်ဂျင်နီယာတို့၏ ပညာရပ်စွမ်းပကားဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင် ခေတ်မီနက္ခတာရာပြခန်း တည်ဆောက်ထားနိုင်သည့် နိုင်ငံများစွာမရှိသေးဘဲ နက္ခတာရာပြခန်း စုစုပေါင်း ၃၀၀ကျော်ခန့်သာရှိပြီး ခေတ်မီနည်းပညာနှင့် အဆင့်မြင့်ဒစ်ဂျစ်တယ်သုံး စက်ကိရိယာများ တပ်ဆင်နိုင်သော နက္ခတ်တာရာပြခန်းများကို ဖွံ့ဖြိုးပြီးနိုင်ငံအချို့၌သာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ နက္ခတ္တဗေဒနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၀၉ခုနှစ်အစပိုင်း၌ နက္ခတ်တာရာပြခန်း(နေပြည်တော်)ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၌သာမက ကမ္ဘာ၌ပါ ဂုဏ်ယူဖွယ်ရာဖြစ်ပေသည်။ ယင်းပြခန်းတွင် နက္ခတ်ပြခန်းပင်မဆောင်၊ ပညာပေးပြခန်းနှင့် ရှင်းလင်းဆောင်တို့ ပါဝင်ဖွဲ့စည်းထားပြီး တင်ဆက်ပြသမှုဆိုင်ရာ စက်ကိရိယာ ပစ္စည်းများကို နောက်ဆုံးပေါ် ခေတ်မီစက်သစ်များဖြင့် တပ်ဆင်အသုံးပြုထားသည်။ သို့ဖြစ်ပေရာ အနာဂတ်မျိုးဆက်သစ်များ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ အာကာသသိပ္ပံပညာရပ်များတွင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ခေတ်မီအဆင့်မြင့် နက္ခတ်တာရာပြခန်း(နေပြည်တော်)ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ဂုဏ်အင်ကို ကမ္ဘာသို့တိုင် ဖော်ထုတ်ပြသနိုင်ခြင်းဖြစ်၍ နိုင်ငံဂုဏ်ဆောင် ပြယုဂ်တစ်ခုဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

1 comment:

Unknown said...

နက္ခတ်တာရာပြခန်း(နေပြည်တော်)က
နေပြည်တော်ကောင်စီနယ်မြေ၊ မည်သည့်မြို့နယ်အတွင်းမှာ ပါဝင်တည်ရှိသလဲဆိုတာ သိချင်ပါတယ် ခင်ဗျာ