Sunday, April 26, 2009

စလောင်း၊ ဗန်းတို့ ရောင်းတန်းက ရပ်ချိန်တန်ကြပြီ

ပင်စင်စားဘ၀တွင် နိစ္စပတ်တစ်ခုလို ပုံမှန်အချိန်ပေး ဆောင်ရွက်ဖြစ်လာသည့် အလုပ်တစ်ခုက အပေါင်းအသင်းက မိတ်ဆွေရင်းတစ်စုနှင့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆိုင်မှာ ၀ိုင်းဖွဲ့စကားပြောဖြစ်ခြင်း ဖြစ်သည်။ရောက်တတ်ရာရာဟု အကြမ်းဖျင်းဆိုနိုင်သော်လည်း ကုန်ဈေးနှုန်းလည်းပါသည်။ကမ္ဘာ့ဖလားနှင့် နိုင်ငံတကာဘောလုံးပွဲစဉ် အနိုင်အရှုံး၊ ဂိုးသွင်းဂိုးဝင်မှအစ ဖတ်ဖြစ်သည့် နေ့စဉ်သတင်းစာနှင့် ဂျာနယ်တို့ထဲက နယ်သတင်း၊ ကမ္ဘာ့သတင်း၊ ရုပ်ရှင်၊ စာပေ၊ ဂီတ၊မီဒီယာကျင့်ဝတ်၊ ဆောင်းပါးရှင်တို့အာဘော်၊အမျိုးသားနိုင်ငံရေး၊ ခေတ်ရေးစသည်ဖြင့် စုံလင်၍နေပေသည်။ ပင်စင်စားဘ၀မှာလည်း စီနီယာ၊ ဂျုနီယာ လာ၍ရှိနေကြသည်။ ပင်စင်စားချင်း သူမှန်ကိုယ်မှန် အနိုင်မခံ အငြင်းသန်လိုလှသည်။ ရေနွေးကြမ်းနှင့် ဆွေးနွေးသည့်အဆင့်ကနေ အာပေါင်အာရင်းသန်သန် ငြင်းခုန်သည်အထိလည်း ရှိလာတတ်ကြသည်။
တစ်မနက်က ထိုင်ဖြစ်ကြသည့်ဆိုင်မှာတော့ ထိုပင်စင်စားတစ်စု၏ ရောက်တတ်ရာရာခေါင်းစဉ်သည် ဂြိုလ်တုစလောင်းဘက်သို့ ဦးလှည့်သွားသည်။ တလောဆီက ပါရှိလာသည့် " အဆိပ်ပင်ရေမလောင်းသင့်ပါ " ဆိုသောသတင်းစာဆောင်းပါးနှင့်ပတ်သက်၍ ကျွန်တော်ကလည်း ပင်စင်မစားမီဘ၀က အစိုးရဌာနတာဝန်ဖြင့် အိမ်နီးနားချင်း အာဆီယံနိုင်ငံအချို့သို့ အရောက်အပေါက်လေး ကြုံခဲ့ဖူးသဖြင့် ကိုယ်တွေ့ခဲ့ဖူးတာနဲ့ ကိုယ့်အမြင့်တို့ကို ၀င်ပြောဖြစ်သည်။
တကယ်တမ်း နည်းလမ်းတကျ ပြောကြလျှင် မည်သည့်နိုင်ငံမှာမဆို မီဒီယာ Control သည် ရှိကို ရှိနေရမည် ဖြစ်သည်။ ရှိသင့်ရှိအပ်သည့် အထိန်းအကွပ်တစ်ရပ်ဖြစ်၍ မီဒီယာ Control ရရှိအောင် ဦးတည်ချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်ချက်များကို ထောက်ခံကြိုဆိုကြရမည်သာ ဖြစ်ပေသည်။ စင်စစ်အားဖြင့် မီဒီယာ Control သည် ပြည်သူအများကို အခြေအမြစ် ခိုင်မာမှန်ကန်မှုရှိသည်ဟု အာမခံနိုင်သည့် သတင်းထုတ်ပြန်မှုမျိုး ၊ ယဉ်ကျေးမှုအရ သရုပ်သကန်၊ ပုံသဏ္ဍာန်အစစ်အမှန်ဖြစ်သည်ဟု အာမ ခံနိုင်သည့် ဖျော်ဖြေမှုမျိုး၊ သိပ္ပံ၊ ၀ိဇ္ဇာ၊ နည်းပညာ၊ လူမှုရေးရာ၊ လောက၀တ်၊ ဓမ္မ၀တ်၊ မင်္ဂလာတရားတော်တို့အရ အမှားအယွင်းမရှိဟု အာမခံနိုင်သည့် ပညာပေးမှုမျိုးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက် စိစစ်ပေးခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူတို့ ကာယသုခ၊ စိတ္တသုခ ပြည့်ဝစွာ ရရှိစေရေးတွင် သန့်စင်သောလေကို ၀၀လင်လင် ရှုရှိုက်နိုင်ကြရအောင် ပြုလုပ်ပေးသည့်ပမာ စိတ်၏အစာ၊ စိတ်အာဟာရများ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ကြရအောင် ၊ အဆိပ်အတောက်ကင်းစင်သော စိတ်၏အစာ၊ စိတ်အာဟာရများအဖြစ် စိတ်ချရလေအောင်၊ ပြည်သူတို့အပေါ် ဘေးအန္တရာယ် မရှိရအောင် စီစဉ်ကာကွယ်ပေးခြင်းလည်းဖြစ်သည်။ နိုင်ငံတကာတွင် သူ့နည်း သူ့ဟန်နှင့် မီဒီယာ Control ရှိနေကြပါသည်။ မိမိတို့၏ ရေမြေတောတောင်ရာသီ၊ ပထ၀ီနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဘဏ္ဍာရေး အခြေအနေနှင့် တတ်နိုင်စွမ်းမှု အဆင့်အတန်းတို့ကိုလိုက်၍ အဆင့်အတန်းတို့ကိုလိုက်၍ ကျင့်သုံးမှုချင်းခြားနားတတ်သည်သာ ရှိပါသည်။
ပင်စင်စားများနှင့် ဆွေးနွေးရင်းက " စလောင်းဆိုသည်များ၏ အဆိုးအကောင်း အကျိုးအကြောင်း " ကို သတင်းစာဖတ်ပရိသတ်မှတစ်ဆင့် ပြည်သူတစ်ရပ်လုံးကို တင်ပြလိုသည့်စိတ်များ ဖြစ်ပေါ်လာရသည်။
စလောင်းဆိုသည်က မြန်မာတွေပီပီ မြင်သာထင်သာအောင် ကင်ပွန်းတပ်လိုက်ခြင်းဖြစ်သည်။ တိတိကျကျ ပြောရလျှင်တော့ Satellite Receiver ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်ဟု ခေါ်ရမည်ဖြစ်သည်။ သတင်းစာများသည် သမိုင်းကိုပြောနေကြသည်ဟူသည့်အဆိုမှာ သွေးထွက်အောင်မှန်လှပေသည်။ ဒီမြန်မာတွေနှင့် သည်စလောင်း၏ ဇာစ်မြစ်ကိုသိလို၍ အမျိုးသားစာကြည့်တိုက်၏ အကူအညီဖြင့် နှစ်ဟောင်းက နေ့စဉ်သတင်းစာတွေကို လှန်လှောဖွေရှာလိုက်သည့်အခါ ၁၉၉၃ ခုနှစ်က ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၁/၉၃)ကို သွား၍ တွေ့ရသည်။ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဂြိုဟ်တုရုပ်မြင်သံကြား ဖမ်းစက်များ လက်ဝယ်ထားခြင်းကိစ္စဟု ခေါင်းစဉ်တပ်ထားသည်။ သည်ကတစ်ဆင့်တိုး၍ လိုက်လံလေ့လာသည့်အခါ ၁၉၉၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်သည့် ဆက်သွယ်ရေး ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အမိန့်အမှတ် (၁/၉၃) "ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာအမိန့် " ဆိုသည်ကိုလည်း မြန်မာနိုင်ငံပြန်တမ်းမှာ သွား၍တွေ့ရသည်။
ဖတ်မိသည့် ရယ်ရွှင်စရာတစ်ခုကိုလည်း မှတ်မိ၍နေသေးသည်။တပ်မတော်အစိုးရ တာဝန်ယူပြီးနောက် ရေးသားထုတ်ဝေခွင့်များ ရရှိလာချိန်၊ ဂျာနယ်များ အများအပြားထုတ်ဝေလာသည်ဟု ပြောနိုင်လောက်သည့် အချိန်မှာ နိုင်ငံတကာဂြိုဟ်တုသတင်းဂျာနယ် အမည်ဖြင့် ဂျာနယ်တစ်စောင်ထုတ်ဝေခဲ့သည်။ ၂၀၀၁ ခုနှစ်စ၍ ၂၀၀၄-၂၀၀၅ ခုနှစ်အထိထုတ်ဝေဖြစ်ခဲ့သည်ဟု ထင်သည်။ ဂျာနယ်မျက်နှာဖုံးအပါ ဆောင်ပုဒ်နှင့် ဂျာနယ်၏ ကြော်ငြာထည့်သွင်းချက်တို့မှာ " ဤဂျာနယ်ကို ၀ယ်ယူဖတ်ရှုနေလျှင် ဂြိုဟ်တုစလောင်းတပ်ဆင်စရာ၊ ရှိစရာမလို " ဟူ၍ ဖြစ်သည်။
တကယ့်တကယ်တော့ ဂြိုဟ်တုစလောင်းကို သံယောဇဉ်ထား အစွဲအလမ်းထားနေခြင်းသည် ရေလိုက်လွဲခြင်းဖြစ်သလို အန္တရာယ်လည်း ကြီးမားလှကြောင်း ပြည်သူအချို့က မသိရှာကြပါ။ နိုင်ငံအများတွင် ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်ကို အများပြည်သူထဲမှာ ပုဂ္ဂလိကပိုင်အနေဖြင့် တိုက်ရိုက်သုံးစွဲခွင့်မရှိစေရန် အစိုးရအဖွဲ့များက တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားသည်။ နိုင်ငံအတော်များများတွင် Media Develepoment Authority ဖွဲ့စည်းထားပြီး ၀င်ရောက်ချုပ်ကိုင်ပေးသည်။ CA စနစ်ဟု ခေါ်သော Community Antenna ( တစ်နေရာတည်းကသာ ဖမ်းယူပြီး နေရာအများသို့ ဖြန့်ဝေပေးသောစနစ် ) ဖြင့် တပ်ဆင်သုံးစွဲစေသည်။ နိုင်ငံအချို့တွင် ဂြိုဟ်တုစလောင်းသုံးစွဲမှုကန့်သတ်ချက်ကို အောက်ပါအတိုင်း တွေ့ရှိခဲ့ရပါသည်-

အမှန်စင်စစ် ဂြိုဟ်တုစလောင်းဆိုသည်မှာ နိုင်ငံကြီးများက မိမိပိုင် မီဒီယာလက်နက်နှင့် ဖျော်ဖြေမှုအနုပညာကို ခုတုံးလုပ်၍ နိုင်ငံတကာကို မီဒီယာအရ သြဇာလွှမ်းမိုးလာနိုင်စေရန် ရည်ရွယ်ထုတ်လွှင့်နေကြခြင်းဖြစ်ပါသည်။ ၄င်းအပြင် ယခုအခါ၌ နိုင်ငံရေး ပစ်မှတ်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေး၌ ၀င်ရောက်စွက်ဖက်မှု၊ ဆူပူအုံကြွအောင်သွေးထိုးလှုံ့ဆော်မှု၊ ညစ်ညမ်းအစီအစဉ်များ ထုတ်လွှင့်၍ အမျိုးသားရေး စရိုက်လက္ခဏာ၊ အမျိုးသားရေးစိတ်ဓာတ်ကိုပါ ရိုက်ချိုးဖျက်ဆီးမှုများအထိ လက်ရဲဇက်ရဲ ကျုးကျော်နယ်ချဲ့လျက်ရှိကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့ စလောင်းကြည့်နေကြခြင်းသည် အဆိပ်တောက်များ၊ ၀ါဒမှိုင်းများ၊ အညှီအဟောက်များကို ပိုက်ဆံပေးပြီး ၀ယ်နေကြသည့်သဘောပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
စလောင်းချန်နယ်များကို သုံးသပ်ကြည့်ပါက နိုင်ငံသားတို့၏ စည်းကမ်းနှင့် စနစ်တကျရှိမှုကို ထိခိုက်ပျက်ပြားစေသည့် ချန်နယ်များ ၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် အကျင့်စာရိတ္တကို ယိုယွင်းပျက်စီးစေသည့် ချန်နယ်များ၊ အမျိုးသားရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ကို ယိမ်းယှိင်ချည့်နဲ့စေသည့် ချန်နယ်များ စသည်ဖြင့် ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ပို၍ အလေးသာနေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံအသီးသီးတွင် ဂြိုဟ်တုစလောင်း တားမြစ်ပိတ်ပင်မှုများ ၊ ထိန်းချုပ်မှုများကို ကိုယ့်အစီအစဉ်နှင့်ကိုယ် လုပ်ဆောင်နေကြရခြင်း ဖြစ်ပေသည်။ ထိုအချက်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းက ကိုယ့်အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် မဖြစ်မနေ လုပ်ဆောင်ကြရမည့် အမျိုးသားရေး တာဝန်တစ်ရပ်ဟုပင် သတ်မှတ်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် တပ်မတော်အစိုးရလက်ထက် ပြန်ကြားရေးနှင့် ရုပ်သံလွှင့်ကဏ္ဍတွင် ရုပ်မြင်သံကြား ထုတ်လွှင့်မှုအပြင် ဒစ်ဂျယ်တယ်စနစ်ဖြင့် ထုတ်လွှင့်မှုကိုပါ မြို့နယ်ပေါင်းများစွာသို့ ရောက်ရှိအောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ပြည်သူများသည် ယခင်က ဂြိုဟ်တုစလောင်းသုံးစွဲမှာသာ ဖမ်းယူကြည့်ရှုနိုင်ခဲ့ကြသည့် အစီအစဉ်များကို ယခု ဂြိုဟ်တုစလောင်း မလို တော့ဘဲ MRTV-4 နှင့် ဆက်စပ်ရုပ်သံလိုင်းများမှ ဖမ်းယူကြည့်ရှုလာနိုင်ကြပြီ ဖြစ်သည်။ ကတ်သုံးစနစ် (Pay TV ) များဖြင့် ကြည့်ရှုလာနိုင်ကြပြီ ဖြစ်သည်။ ချန်နယ်ပေါင်း ၂၀ ကျော်အထိ ကြည့်ရှုနိုင်ကြပြီး ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာက ဆက်လက်၍လည်း တိုးချဲ့ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ကျွန်တော် ရှာဖွေလေ တွေ့ရှိလေ ... ဖြစ်ခဲ့သော အထက်က ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာအမိန့် ( အမိန့်အမှတ် ၁ / ၉၃) မှာ ပါရှိသည့်အတိုင်းဆိုပါလျှင် အပိုဒ်(၁၇) မှာ " မည်သူမျှ လိုင်စင်မရှိဘဲ ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာ ကြိုးမဲ့ကြေးနန်း ပစ္စည်းကိရိယာတစ်ခုခုကို ထုတ်လုပ်ခြင်း၊ သို့မဟုတ် ရောင်းချခြင်းမပြုရ " ဟု အတိအလင်း ပြဌာန်းဖော်ပြထားပြီးလည်းဖြစ်သည်။ ရှာဖွေလေ တွေ့ရှိလေမှဆက်၍ ဇာစ်ဇာစ်မြစ်မြစ် စုံစမ်းကြည့်ပြန်သည့်အခါ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ ဦးစီးဌာနတို့ကလည်း မည်သူတစ်ဦးတစ်ဖွဲ့ကိုမျှ ယင်းသို့ ထုတ်လုပ်နိုင်အောင်နှင့် ရောင်းချနိုင်အောင် ခွင့်ပြုခဲ့သည်၊ လိုင်စင်ပြုလုပ်ပေးခဲ့သည်ဟူ၍ မရှိ(မရှိ) ကြောင်း သိရှိရသည်။
ပင်စင်စား မိတ်ဆွေတစ်စု၏ လက်ဖက်ရည်ဆိုင် စကားဝိုင်းကို အကြောင်းပြု၍ အကျိုးရှိစွာ သိရှိခဲ့ရခြင်းကို မိတ်ဆွေများအပေါ် ကျေးဇူးတင်ရမည်ဖြစ်သည်နှင့်အတူ နေရာတော်တော်များများမှာ ဆိုင်းဘုတ်လည်းရေးတင်၊ ဆိုင်ပေါ်မှာလည်း ခင်းထားသည့် စလောင်း ၊ ဗန်းတို့ကို ရောင်းတန်းက ရပ်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း စေတနာလောင်းဖြင့် ကြေညာမောင်းခတ်လိုက်ရပါသည်။ ။

2 comments:

ကျနော် လေလွင့်လူ said...

စောက်ပိုတွေ မပြောနဲ့... ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကြည့်ချင်လို့ ကိုယ်ဝယ်တာကို မင်းတို့က မတရား အခွန်တွေကောက်တယ်လေ။ စဉ်းစဉ်းစားစားလည်းလုပ်ပါ ဒီမိုကရေစီ သွားချင်တယ်လည်းပြောတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ လူတိုင်း လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် ဖြန့်ဝေပိုင်ခွင့် ရှိတယ်။ နားမလည်ဘူးလားကွ။ ဘာ အဆိပ်ပင် ရေမလောင်းနဲ့လဲ ဒါ အဓိပ္ပါယ် ရှိတဲ့စကားလား ကိုယ့်ပြည်သူ ကိုယ့်လူမျိုး ကိုယ့်ကိုးကွယ်ရာ ကို ပြန်သတ်တဲ့ လူတွေ ရှိတယ်လို့ ကမ္ဘာက သိသွားတာကို မင်းတို့ ကြောက်နေကြပီ မဟုတ်လား။ မင်းတို့ရဲ့ MRTV သိပ်ကောင်းနေရင်၊ စိတ်ဝင်စားစရာ အစီအစဉ်တွေပါရင်စလောင်း ဘယ်သူ ကြည့်မလဲ စဉ်းစားပေါ့။ ဦးနှောက်ကော ရှိရဲ့လား နအဖ ပြောစကားကို ယုံတယ်ဆိုတည်းက မင်းဦးနှောက် မရှိတာတော့ သေချာပီ...

Anonymous said...

ပြောပေါ့ သတင်းမှောင်ချတယ် ဆိုတာ နားလည်လား ခင်ဗျားတို့တစ်တွေက အဖြစ်မှန်ဆိုတာကြီးကို ရင်မဆိုင်ရဲလို့ မတင်ပြတာကို တခြားသူပြောတော့လည်းမကြိုက်ချင်ဘူး ဘာဖြစ်လဲ ကိုယ့်ဟာကို ကောင်းမယ်ထင်တာကို ကြည့်မယ် မကျေနပ်ရင် ခင်ဗျားတို့လဲ ကောင်းအောင်လုပ်ပေါ့ စလောင်းမှာ ကမ္ဘာ့သတင်း တွေကို သိနိုင်တယ် ပြီးတော့ ဘောလုံးပွဲတွေလည်းကြည့်နိုင်တယ် ခင်ဗျားတို့ မြန်မာ့ အသံက မြန်မာပွဲတောင်ပြနိုင်လို့လား သူများတွေတိုးတက်တာကို မမြင်အောင်လုပ်ဖို့ပဲစဉ်းစားနေကြတယ် ကိုယ်တိုင်တိုးတက်အောင်တော့ မလုပ်ကြဘူး ခင်ဗျားတို့ပြောလိုက်ရင် မြန်မာပြည်ကြီးတိုးတက်နေပါတယ် တိုးတက်နေပါတယ်နဲ့ ခင်ဗျားတို့ဆီမှာ ပုဂ္ဂလိက ရုပ်သံလိုင်းဘယ်လောက်ရှိလဲ အစိုးရ လက်ဝေခံ ပေါ်လစီ တွေပြနေတဲ့ ရုပ်သံလိုင်းတွေပဲရှိတယ် တီဗွီ ၅ ကလည်း သူတို့ အာဘော်နဲ့မကင်းဘူး မှတ်ထား မီဒီယာဆိုတာ ဘယ်သူ့လက်အောက်မှမနေရဘူး လွတ်လပ်ရတယ် ဘယ်သူ့သြဇာမှ မခံရဘူး သမ္မတမကောင်းရင် သမ္မတအကြောင်းရေးလို့ရတယ် ခင်ဗျားတို့ သမိုင်းသင်ဖူးရင် ခင်ဗျားတို့ဘဘကြီးက မင်းတုန်းမင်းလို ဦးနှောက်မရှိတဲ့ဘုရင်လောက်တောင် သတ္တိမရှိဘူး သူမဟုတ်တာလုပ်တာကို လူသိမှာကြောက်တယ် မဟုတ်တာမလုပ်ဘူးဆိုရင် လွတ်လပ်စွာပြောဆိုခွင့်ပေးကြည့်လေ ခင်ဗျားတို့မပေးရဲပါဘူး မင်းတုန်းမင်းကို ဦးနှောက်မရှိဘူးလို့ပြောတာ ကနောင်မင်းသားရဲ့ ရေမြှပ်ဗုံးကို ပိတ်လို့ ခင်ဗျားတို့ဘဘကြီးကလဲ ဘာများ တီထွင်လုပ်ကိုင်ခွင့်ပေးလို့လဲ သူ့လက်အောက်ခံ သူ့သြဇာခံတွေကလွဲရင် ဘယ်သူ့ကိုများ ဘာကောင်းအောင်လုပ်ပေးလို့လဲ ဆွေမျိုးကောင်းစားရေးလုပ်နေတဲ့ ဘိုးတော်လေသံကို လိုက်ပြီး သံယောင်ဝါးမနေနဲ့ ကိုယ့်တိုင်းပြည်ကထွက်တဲ့ပစ္စည်းတွေကို ရောင်းစားပြီး နေပြည်တော်ဆိုတဲ့ စောက်ရူး အတွေးနဲ့ ဘုရင်လုပ်ချင်နေတဲ့ သက်ကြားအိုကို ထောက်ခံပြီး ကျုပ်တို့ကို မျက်စေ့လာမမှိတ်နဲံ့ နားလည်လား ခင်ဗျားပြောသလို ဆိုရင် သူတို့က စလောင်းကြည့်စရာမလိုဘူး ပြည်သူ့ဘက်က ရပ်တဲ့ မီဒီယာရှိတယ် လွတ်လပ်ခွင့်ရှိတယ် ခင်ဗျားတို့ပေးနိုင်လား သတ္တိရှိရင် လုပ်ခွင့်ပေးလိုက်လေ ပြောရင်းနဲ့စိတ်တိုလာပြီ လီးပဲ ဆက်မပြောတော့ဘူး