Tuesday, April 28, 2009

ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း စက်နှင့်စက်ကိရိယာပစ္စည်းထုတ်လုပ်မှုစက်ရုံ(မြိုင်) ကြည့်ရှုစစ်ဆေး


အမှတ်(၂)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းသည် ဧပြီ ၂၅ ရက်တွင် စက်မှုသင်တန်းကျောင်း(ပခုက္ကူ) (Industrial Training Center) စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်း ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ၀န်ကြီးက မြို့ပြလုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်ရေးနှင့် စက်ကိရိယာများ ရောက်ရှိက အဆင်သင့်ဖြစ်စေရေး၊ လာမည့် မိုးရာသီတွင် ဒေသနှင့်ကိုက်ညီသော အရိပ်ရပင်များဖြင့် စနစ်တကျ စီမံစိုက်ပျိုးသွားရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ၀န်ကြီးသည် ဧပြီ ၂၆ ရက်တွင် မြိုင်မြို့နယ်ရှိ စက်နှင့်စက်ကိရိယာပစ္စည်း ထုတ်လုပ်မှု စက်ရုံသို့ ရောက်ရှိပြီး ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ထုတ်လုပ်လျက်ရှိသည့် စက်ပစ္စည်းများမှာ အဆင့်မြင့် စက်ကိရိယာ များဖြစ်၍ တိကျမှန်ကန်စေရေး၊ အရည်အသွေးမကျရေး အလေးထား ဆောင်ရွက်ရန်နှင့် အလုပ်ကြိုးစားကာ စေတနာထား တီထွင်ကြံဆ ထုတ်လုပ်သွားရန် မှာကြားသည်။
ယင်းနောက် ၀န်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုကာ စာကြည့်တိုက်၊ ဆေးခန်းနှင့် အားကစားကွင်း တည်ဆောက်ရန်မှာကြားပြီး စက်ရုံစုဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

No comments: