နေပြည်တော်လယ်ဝေးမြို့နယ် နနွင်းကျင်းကျေးရွာအနီးရှိ မဒန်းရေလှောင်တမံ ဖွင့်ပွဲအခမ်းအနားကို မေလ၃၀ရက်နေ့က ကျင်းပခဲ့သည်။ နေပြည်တော်အတွင်း၌ မူလက ဆည်၊ ကန်၊ ရေလွှဲဆည်(၃၂)ခု တည်ဆောက်ခဲ့ပြီး ယခု မဒန်းရေလှောင်တမံ အပါအဝင် ၃၃ခုအထိ တိုးတက်လာခဲ့၍ ယခင်ဆည်ရေသောက် ၁၁၂၈၆၂ ဧကထက် တိုးတက်များပြားလာခဲ့ပြီဖြစ်သည်။
ယင်းဒေသတွင် မိုးတွင်း၌ မိုးစပါးအတွက် စိုက်ပျိုးရေလုံလောက်သော်လည်း နွေရာသီတွင် စိုက်ပျိုးရေအခက်အခဲကြောင့် နွေစပါးမစိုက်ပျိုးနိုင်ခဲ့ချေ။ ယခုမဒန်းရေလှောင်တမံ တည်ဆောက်ပြီးစီးသွား၍ မိုးစပါးကို ယင်းဆည်ရေမှ ရေဖြည့်စွက်ပေးနိုင်မည် ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ရေလှောင်တမံများ၊ ရေလွှဲဆည်များကို တည်ဆောက်ပေးခဲ့မှုကြောင့် ဒေသတွင်း စိမ်းလန်းစိုပြည်လာခြင်း၊ စိုက်ပျိုးရေရရှိလာမှုကြောင့် သီးနှံပိုမိုထွက်ရှိလာခြင်း၊ သန့်ရှင်းကောင်းမွန်သည့် သောက်သုံးရေရရှိ၍ ကျန်းမာကောင်းမွန် တိုးတက်လာခြင်း စသည့်အကျိုးများ ရရှိခံစားရပေသည်။
မဒန်းရေလှောင်တမံသည် နိုင်ငံတော်၏ ၂၂၂ခုမြောက် ဆည်မြောင်းစီမံကိန်းဖြစ်ပြီး ပင်မတမံသည် ၈၃၀၅ပေ ရှည်လျား၍ အမြင့်၁၀၁ပေ၊ ရေလှောင်ပမာဏ ဧကပေ ၃၆၅၀၀ရှိသည်။ ၂၀၀၃-၂၀၀၄ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ငွေကျပ်သန်းပေါင်း ၁၇၉၄၁သန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ နေပြည်တော်လယ်ဝေးရှိ လယ်မြေဧက ၈၀၀၀ကို စိုက်ပျိုးရေပေးဝေသွားမည် ဖြစ်သည်။
သို့ဖြစ်ပေရာ နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိရာ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ပေးထားသော ဆည်တမံများ၊ ရေထိန်းတံခါးများကို အသုံးပြု၍ လယ်ယာထွက်ကုန်များ ပိုမိုထွက်ရှိရေးကို ဒေသခံတိုင်းရင်းသား ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment