ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားရာနိုင်ငံဖြစ်သည်။ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များကိုလည်း လွန်စွာပျပ်ဝပ်ကျိုးနွံရိုသေကြသည်။ အလှူအတန်းများတွင်လည်း အလွန် စေတနာသဒ္ဒါတရား ထက်သန်ရက်ရောကြသည်။ ထိုသို့လှူဒါန်းကြရခြင်းမှာ ဘာသာသာသနာတော်ကို ပျံ့ပွားထွန်းကားစေလိုသောရည်ရွယ်ချက်နှင့် ပုထုဇဉ်လူသားတို့၏ ဒုက္ခသောက ဗျာပါဒတို့ ချုပ်ငြိမ်း စေပါကြောင်း မျှော်မှန်းကာ လှူဒါန်းကိုးကွယ်ခြင်းအမှုကို ပြုကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် လူဝတ်ကြောင် တို့အား မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်ကို သွန်သင်နည်းပေး လမ်းပြ ပြုလုပ်ကြသော ရဟန်းသံဃာတို့နှင့် လူဝတ်ကြောင်များ၏ အကျင့်စရိုက်များအတိုင်း မနေထိုင်ရန် ရှင်တော်မြတ်ဘုရားက ဟောဖော်ညွှန်ပြ ဆိုဆုံးမ ခဲ့ခြင်းဖြစ်ပါသည်။
ရှင်တော် မြတ်စွာဘုရား၏ ဤဟောကြားချက်မှာ လူ့ဘောင်လူ့လောက၏ ဒုက္ခဆင်းရဲဖြစ်သော ´´ ကာမ သုခလ္လိကာ နုယောဂေါ``ကို ဖွင့်ဆိုပြတော်မူခြင်းပင်ဖြစ် ပေသည်။ထို့ကြောင့် လူ့ဘောင်နှင့်သာသနာ့ ဘောင်တို့၏ခြားနားချက်ကို လည်း သိမြင်နိုင်ပေပြီ။
လူ့ဘောင်လူ့လောကတွင် ပူထုဇဉ်လူသားတို့သည် နိုင်ငံရေး၊ စီးပွားရေးတို့ကို အပြိုင်အဆိုင် လုပ်ကိုင်ကြရာ၌ လောဘ၊ ဒေါသ၊ မောဟ တရားတို့နှင့် ယှဉ်ပြီးတစ်ဦးနှင့်တစ်ဦး သတ်ကြဖြတ်ကြသည်အထိ ညစ်ပတ်မှု နှင့်ကောက်ကျစ် စဉ်းလဲမှု ပေါင်းစုံကို ကျူးလွန်ရန် ၀န်မလေးဘဲရှိကြသည်။
သို့ဖြစ်၍ လူ့လောကသည် မကောင်းမှုဒုစရိုက်တရားများနှင့် ရှုတ်ထွေးပွေလီပြီး ပုထုဇဉ်လူသားများ နှင့်သာပတ်သက်လျက် ရှိနေပေသည်။
လူ့ဘောင်လူ့လောကတွင် ပုထုဇဉ်လူသားတို့၏ အကျင့်သည် ယုတ်ညံ့သော အကျင့်ဖြစ်သည်။ ဒုက္ခဆင်းရဲ အပေါင်းမှ ချုပ်ငြိမ်းရာ အကျိုးစီးပွားနှင့်မစပ်ယှဉ်သောအကျင့်ဖြစ်သည်။ အရိယပုဂ္ဂိုလ်တို့၏အကျင့်မဟုတ်ပေဟု ဆိုလိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး၌ ဘာသာရေးကို ခုတုံးလုပ် အသုံးမချနိုင်စေရန်နှင့် သာသနာ့ ၀န်ထမ်းများလည်း နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းရှိစေရန် နိုင်ငံတော်၏ အခြေခံဥပဒေများတွင် အခိုင်အမာပြဌာန်း ထားရှိခဲ့ ပေသည်။
၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအခန်း(၂)မူလ အခွင့်အရေးများဟူသော ခေါင်းစဉ်ပါပုဒ်မ ၂၁ ၊ ပုဒ်မခွဲ ၄ တွင် နိုင်ငံရေးကိစ္စအလို့ငှာကိုးကွယ်ရာ ဘာသာကို အလွဲသုံးစားမပြုရဟူ၍ လည်းကောင်း၊ အခန်း (၆)ပါလီမန်ဟူသော ခေါင်းစဉ်ပါ ပုဒ်မ ၇၆ ၏ ပုဒ်မခွဲ၊ ၁၊ ၂၊ ၃နှင့် ၄တို့၏ ခြွင်းချက်တွင် အမတ်ရွေးကောက်ပွဲများ၌ မဲဆန္ဒပေးရန်၊ သို့တည်းမဟုတ် လွှတ်တော်၌ အမတ်ဖြစ်စေရန် မည်သည့် သာသနာ့ ၀န်ထမ်းကိုမဆို ဥပဒေဖြင့် တားမြစ် နိုင်သည်ဟူ၍ လည်းကောင်း ပြဌာန်းထားပေသည်။
၁၉၄၇ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁) နိုင်ငံသားများ၏ မူလ အခွင့်အရေးများနှင့် တာဝန် ၀တ္တရားများဟူသော ခေါင်းစဉ်ပါ ပုဒ်မ ၁၅၆ (၈ ) တွင် ဘာသာရေး အဖွဲ့အစည်းများ နှင့်ဘာသာရေးကို နိုင်ငံရေးကိစ္စအလိုကငှာ အသုံးမပြုရ၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဥပဒေပြဌာန်းထားရမည် ဟူ၍ လည်းကောင်း၊ အခန်း(၁၂) ရွေးချယ်တင်မြောက်ပုံ စနစ်ဟူသော ခေါင်းစဉ်ပါပုဒ်မ ၁၇၈ တွင် အောက်ပါပုဂ္ဂိုလ်များသည် ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးချယ် တင်မြှောက်ပိုင် ခွင့်မရှိ စေရ၊ (က) သာသနာ့ ၀န်ထမ်းများဟူ၍ လည်းကောင်းပြဌာန်းထား ပေသည်။
ထိုသို့လျှင် အခြေခံဥပဒေများက နိုင်ငံရေးနှင့်ဘာသာရေးကို ထွေးရောယှက်တင် မဖြစ်စေရန်နှင့် သာသနာ့ ၀န်ထမ်းများ နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းရှိစေရန် ပြဌာန်းထားရှိခဲ့သော်လည်း ဘာသာရေးကို နိုင်ငံရေး ကိစ္စအလို့ငှာနိုင်ငံရေးသမား အချို့က အသုံးချခဲ့ ကြသည်ကိုဖဆပလ အစိုးရခေတ်နှင့် ပထစ အစိုးရခေတ် တို့တွင် ထင်ရှားစွာ တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။ ယခု အချိန်တွင်လည်း နိုင်ငံရေးသမားတို့၏ တဖက်လှည့် ဖျားယောင်းမှုများနောက်တွင် မြတ်ဘုရား၏ ဒေသနာတော်ကို အပတ်တကုတ်ကျင့်ကြံ အားထုတ်နေသင့်သော သံဃာတော်များက နားယောင်လိုက်ပါလုပ်ဆောင်အောင် လှုံ့ဆော်လုပ်ကိုင်နေကြ ပေသည်။
No comments:
Post a Comment