နေပြည်တော်ရှိ တရားရုံးချုပ်အစည်းအဝေးခန်းမ၌ တရားရုံးချုပ်နှင့် ပြည်နယ်/တိုင်း တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၂ရက်နေ့က ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက် အမှာစကားပြောကြားခဲ့သည်။
တရားရုံးများသည် ပြည့်မျက်စိ၊ ပြည့်မျက်လုံးများဖြစ်၍ ပြည်သူများ၏ ဘ၀ကို မှန်မှန်ကန်ကန်မြင်ရန်၊ စာနာရန် ၊ ပြည်သူများ၏ ဘ၀ရုပ်သွင်ကိုပီပီပြင်ပြင်ဖြစ်ရန်၊ ထင်ဟပ်နိုင်ရန် လိုအပ်ပေသည်။
ခေတ်စနစ်ကို အရှိန်အဟုန်ရှိရှိ ပြောင်းလဲနေချိန်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းအစီအစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိရာ တရားစီရင်ရေးစနစ်ကိုလည်း ပြည်သူများ အားကိုးယုံကြည်သောစနစ် ဖြစ်လာစေရန် ပြုပြင်ထူထောင် သွားကြရမည် ဖြစ်သည်။
တရားရေးနှင့်နှီးနွှယ် ဆက်စပ်သည့် တာဝန်ရှိသူများအနေဖြင့် ခေတ်ကိုမျှော်ကြည့်ပြီး ဒီမိုကရေစီလူနေမှု ဘ၀နှင့်ကိုက်ညီသည့် အလေ့အထကောင်းသည့် တရားစီရင်ရေးစနစ်ကို ၀ိုင်းဝန်းကြိုးပမ်း ထူထောင်ကြရမည် ဖြစ်သည်။
တရားရုံးက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမှုကင်းရှင်းသော စီရင်ဆုံးဖြတ် ချက်ဖြစ်ရန်နှင့် မေတ္တာဖြင့် ယှဉ်သော သွန်သင်ဆုံးမမှု၊ ပညာပေးမှုမျိုးဖြစ်ရန် အမြဲဂရုပြုနေကြရမည် ဖြစ်သည်။
သို့ဖြစ်၍ ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် တရားရေးဝန်ထမ်းများသည် နိုင်ငံ ရေးအသိစိတ်ဓာတ်ရှိရှိဖြင့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ်ထွန်းကားရန်နှင့် ပြည်သူ့အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးပြီး အမြန်ဆုံး တရားစီရင်ခြင်းဖြင့် အမှန်ဆုံးတရားစီရင်ရေးကို အောင်မြင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment