၁၃၆၉ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်(ယနေ့)သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ (၈၇)နှစ်မြောက် အမျိုးသားနေ့ဖြစ်သည်။
အမျိုးသားနေ့သည် မြန်မာတို့၏ လူမှုစီးပွားရေးဘ၀နှင့် လိုက်လျောညီထွေသည့် အမျိုးသားပညာရေးလှုပ်ရှားမှုကြီးကို စတင်ဆောင်ရွက်ခဲ့သည့်နေ့ဖြစ်သည်။ အမျိုးသားနေ့သည် ကိုလိုနီနယ်ချဲ့တို့၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် ကျွန်ပညာရေးစနစ်ကို
ဆန့်ကျင်ခဲ့သည့် အမျိုးသားရေး လှုပ်ရှားမှုကြီးဖြစ်ရာ မြန်မာတစ်မျိုးသားလုံးက ဂုဏ်ယူတန်ဖိုး ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်သည်။
အဆိုပါ အမျိုးသားရေးလှုပ်ရှားမှုကြီးသည် ကိုလိုနီနယ်ချဲ့တို့က မြန်မာနိုင်ငံအား စိုးမိုးထားချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ရာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အမျိုးသားရေးမီးရှူးတန်ဆောင်သဖွယ် လမ်းပြဖော်ဆောင်ပေးခဲ့သည်။
မြန်မာတို့သည် ခေတ်သမိုင်းအဆက်ဆက်တွင် ၀ံသာနုရက္ခိတ ခေါ် မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ် ခိုင်ကျည်မှုရှိသည်ကို တွေ့နိုင်သည်။ အရေးကြီးလျှင်သွေးနီးခဲ့ကြသည်။ အမျိုးထိလျှင် မချိအောင်နာတတ်သော မြန်မာတို့၏ ပင်ကိုစရိုက်ဖြင့် နယ်ချဲ့တို့ကို တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။ အမျိုးသားပညာရေး လှုပ်ရှားမှုမှသည် နိုင်ငံတော်၏ လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်အထိ အောင်ပွဲဆင်နိုင်ခဲ့ရာ
ထာဝစဉ် မော်ကွန်းတင်လျက်ရှိသည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုစွမ်းအားဖြင့် ကြိုးပမ်းတည်ဆောက်နေသည်။ နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်ကို ချမှတ်ဖော်ဆောင်လျက်ရှိသည်။ ယခုအခါ နယ်မြေဒေသစုံ ၊ ကဏ္ဍစုံ ၊ အလွှာစုံ ၊ လူတန်းစားစုံတို့မှ ကိုယ်စားလှယ်
များပါဝင်သည့် အမျိုးသားညီလာခံကြီးက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ နိုင်ရေးအတွက် အခြေခံရမည့်မူများနှင့် အသေးစိတ်အခြေခံရမည့်မူများကို ချမှတ်နိုင်ခဲ့ပြီဖြစ်ရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို စတင်ရေးဆွဲပြုစုနေပြီဖြစ်သည်။
ဝံသာနုရက္ခိတစိတ်ဓာတ် အရင်းခံဖြင့် ဇာတိသွေး၊ ဇာတိမာန် တက်ကြွရှင်သန် နိုးကြားစေရေး လမ်းပြဖော်ဆောင်ပေးခဲ့သည့် အမျိုးသားနေ့ အနှစ်သာရများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဂုဏ်ပြုတန်ဖိုးထားရင်း
ဝံသာနုရက္ခိတစိတ်ဓာတ် ရှင်သန်ခိုင်မာရေးနှင့် အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး ၊ အမျိုးသားပညာရည်မြင့်မားရေး၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်ရေး ဟူသည့် (၈၇)နှစ်မြောက် အမျိုးသားနေ့ ဦးတည်ချက်များနှင့်အညီ အမျိုးသားရေး သမိုင်းပေးတာဝန်များကို ကျေပွန်စွာ ဆက်လက်ထမ်းရွက်သွားကြရမည် ဖြစ်ပါသည်။ ။
Tuesday, December 4, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment