Friday, January 4, 2008

ဒါမျိုးတွေရိုးနေပါပြီ

ဒီဇင်ဘာ(၃၀)ရက်နေ့ ဗွီအိုအေအသံလွှင့်အစီအစဉ်မှာ ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေအနက်က
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်အတွင်းမှာ သံဃာတော်တွေကတဆင့် ဖိအားပေးပြီး ကျေးရွာ
ဒေသခံလူထုကို လုပ်အားပေးဖို့ ခိုင်းစေနေတယ်ဆိုတဲ့ သတင်းကိုကြားရတော့
ကျွန်တော့်အမြင်ကို ရေးချင်စိတ်ဖြစ်မိပါတယ်။ သတင်းမှာဖော်ပြချက်အရ တွံတေးမြို့နယ်၊
ပန်းလှိုင် ရေကျော်ကနေဇတ္တိယအထိ ၆၅ မိုင် အရှည်ရှိတဲ့ ကားလမ်းမှာ တာဖို့ဘို့
မယကဥက္ကဌက ဘုန်းကြီးများကိုခေါ်၍ ညွှန်ကြားခဲ့ကြောင်း၊ ဘုန်းကြီးများကလည်း
ရွာသူရွာသား အားလုံးကို လုပ်အားပေးရန် ပြန်ခိုင်းခဲ့ကြောင်း၊၄င်းကိစ္စအတွက်
ဘုန်းကြီးများကရောရွာသူရွာသားများကပါ မကျေမနပ်ဖြစ်နေကြကြောင်း ဆိုပြီး
တွံတေးမြို့ခံ လူတစ်ယောက်ဆိုတဲ့ အသံရှင်က ပြောတာကို ကိုးကားလွှင့်ပေးခဲ့တာဖြစ်ပါတယ်။
သတင်းရဲ့ ပုံစံကိုကြည့်ရင် သတင်းဇစ်မြစ်က ခိုင်ခိုင်မာမဟုတ်၊သတင်းအချက်အလက်
ကလည်း မြုပ်နေတဲ့ဟာမြုပ်၊ မီးမောင်းထိုးချင်တာကို အတင်းမီးမောင်းထိုး၊
ဘယ်နေရာမှာ ဘယ် သူတွေကတော့ မကျေမနပ်ဖြစ်နေကြပြီတဲ့ဟေ့ ဆိုပြီး လှုံ့ဆော်ပေးရုံ
သက်သက် ဖြစ်နေတာကို တွေ့ကြရပါလိမ့်မယ်။ ဒါဟာ ဘီင်္ဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ
သတင်းဌာနများရဲ့ ဆွေးမြေ့ဟောင်းနွမ်းနေပြီဖြစ်တဲ့လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။ နေ့စဉ်ထုတ်
သတင်းစာတွေ နောက်ကျောဖုံးမှာ ဖော်ပြထားသလို လိမ်/ညာ/ရန်တိုက်ပေးနေတယ်ဆိုတာ
တကယ့်အမှန်တရား ဖြစ်ပါတယ်။ ဒီအသံလွှင့်ပြောဆိုခဲ့တဲ့ အသံရှင်မြို့ခံတစ်ဦးဆိုတာ
ဘယ်သူဘယ်ဝါ ၊ ဘယ်သူမှ မသိပါဘူး။မြို့ခံလူအမှန်ဟုတ်/မဟုတ်လည်း ဘယ်သူမှ မပြောနိုင်ပါဘူး။
သတင်းထဲမှာပါတဲ့ သက်ဆိုင်သူတွေကလည်း ဘုန်းကြီးတွေ၊ ရွာသူရွာသားတွေလို့
ဆိုထားတယ် မဟုတ်လား။ အားလုံးနဲ့ သက်ဆိုင်သရောင်၊ အားလုံးကိုမဟုတ်မတရား
လုပ်နေသရောင်၊ ဆွပေးနေတဲ့ သတင်းတစ်ပုဒ်ပါပဲ။ ဒီလိုကိစ္စမျိုးတွေ တစ်ခါကလည်း
ကျွန်တော်တို့မြို့လေး နာမည်တပ်ပြီး သတင်းထုတ်လွှင့်ခဲ့ဖူးပါတယ်။ ကိုယ့်မြို့ကသတင်း
နိုင်ငံခြားက လွှင့်ပေးတော့မှ ကြားရသိရ ပါလားလို့ ပထမတော့ အောက်မေ့မိပါတယ်။
နောက် အဲသည် သတင်းကိစ္စကို မေးမြန်း ကြည်တော့လည်း အတော်များများက မသိကြ ။
သိသူက ဂဃနဏ ရှင်းပြတော့ သတင်းအမှားကြီးမှန်း သိခဲ့ရပါတယ်။ အဲ့ဒီသတင်းကြီးက
မှားနေကြောင်း ကျွန်တော်တို့ သတင်းဌာန ကို စာရေးခဲ့ကြပါတယ်။ သူတို့ပြောပြောနေတဲ့
လိပ်စာအတိုင်း နှစ်စောင်သုံးစောင်မက ရေးပို့ ခဲ့ကြပါတယ်။ သတင်းမှားခဲ့ကြောင်း
ပြန်ဖြေရှင်းတာတော့ မကြားခဲ့ရပါဘူး။
ဒါကြောင့် အခုအထက်ကပြောခဲ့တဲ့သတင်းထုတ်လွှင့်ချက်ကြားရတော့ ကျွန်တော်တို့စိတ်ထဲ
ဒါမျိုးတွေရိုးနေပါပြီလို့ပဲ သဘောထားမိပါတယ်။ ကျွန်တော်တို့ အပေါင်းအသင်းများလည်း
စဉ်းစားချင့်ချိန်ကြစေဖို့ ဝေမျှလိုက်ပါတယ်ဗျာ။

No comments: