Tuesday, January 8, 2008

ရုရှားသမ္မတပူတင်နှင့် တိုင်း(မ်)မဂ္ဂဇင်းတို့ရဲ့အင်တာဗျူး


မေး ။ ဒီကနေ့ နေတိုးရဲ့ရည်ရွယ်ချက်ကဘာလဲ။ တကယ်လို့ ရုရှားကို နေတိုးထဲ ၀င်ရောက်ဖို့ ဖိတ်ကြားခဲ့ရင် ၀င်မှာလား။

ပူတင် ။ ကျွန်တော်အနေနဲ့ နေတိုးအဖွဲ့ကို စစ်အေးတိုက်ပွဲကာလရဲ့ ပုပ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်လောင်းရယ်လို့မပြောလိုပါဘူး။ ဒါပေမယ့် နေတိုးဟာ အတိတ်မှကျန်ခဲ့တဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောကြရအောင်။ ပထမဆုံးနေတိုးကို တည်ထောင်ခဲ့တယ်။ ပြီးတော့ လက်တုံ့ပြန်တဲ့အနေနဲ့ဝါဆောအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ စစ်ရေး၊ နိုင်ငံရေး အုပ်စုနှစ်ခု ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အပြန်အလှန် နားလည်သဘောပေါက်မှုရှိဖို့လိုအပ်ကြောင်း ပြောနေစဉ်မှာ တစ်ချိန်တည်း ယခုအခါ နိုင်ငံတကာ ဘ၀မှာ မူဝါဒအသစ်တွေမိတ်ဆက်ပြဌာန်းကြရမှာဖြစ်ပါတယ်။ ဒါဟာရှိသင့်ရှိထိုက်ပါတယ်။ နေတိုးဟာ အကြမ်းဖက်ဝါဒကို ဘယ်လိုလုပ်ပြီး ထိရောက်စွာတိုက်ခိုက်နိုင်ပါမလဲ။ နေတိုးဟာစက်တင်ဘာ(၁၁)ရက်နေ့မှာအကြမ်းဖက်သမားတွေကိုရပ်တန့်နိုင်ခဲ့သလား။ မရပ်တန့်နိုင်ခဲ့ပါဘူး။ ဒီလိုခြိမ်းခြောက်မှုမျိုးကို ရုရှားအပါအ၀င် ဒီခြိမ်းခြောက်မှုတွေကို ရပ်တန့်နိုင်စွမ်းရှိတဲ့နိုင်ငံတွေနဲ့ ယုံကြည်စိတ်ချစွာဆက်ဆံမှုတစ်ရပ်ရှိမှသာ ဒီလိုခြိမ်းခြောက်မှု တွေကို ပြေလည်စွာဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ရုရှားဟာ စစ်ရေး၊ နိုင်ငံရေးအုပ်စုတွေမှာ ပါဝင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။အကြောင်းကတော့ရုရှားရဲ့ အချုပ်အခြာအာဏာကို ထိခိုက်နိုင်တဲ့ အချက်တွေ အများကြီးရှိနေတဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ဟာ အမေရိကန်ပြည်ထောင်စု နေတိုးနိုင်ငံများ အပါအ၀င် အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းချင်ပါတယ်။ အရင်ကဆိုရင် အမေရိကန်ပြည်ထောင်စုဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ အန္တရာယ်မှ အခြားနိုင်ငံတွေကို ကာကွယ်ဖို့ကြိုးစားရင်း အပိုဆာဒါးဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့အနေအထားကို အလျော့အတင်းပြုမှုတွေတောင်လုပ်ခဲ့ရပါတယ်။ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီးဖြစ်ပါတယ်။ ဒါကြောင့် နေတိုးအဖွဲ့ဟာ မတူညီတဲ့မူဝါဒတွေကို အတွင်းကျကျ ပြင်ဆင်ဖွဲ့စည်းဖို့လိုအပ်ပါတယ်။ အကြမ်းဖက်ဝါဒကို ဖြစ်ပေါ်စေတဲ့မူးယစ်ဆေးဝါးရောင်ဝယ်မှု စနစ်တကျ စုစည်းထားတဲ့ ရာဇ၀တ်ဂိုဏ်း၊ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတို့နဲ့ပတ်သက်ပြီး စစ်ရေး၊ နိုင်ငံရေး အုပ်စုတစ်ခုတည်းရဲ့မူဘောင်အတွင်းမှာထက် အားလုံးက ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

မေး။ စနစ်တကျစုစည်းထားတဲ့ ရာဇ၀တ်ဂိုဏ်းကိစ္စနဲ့ပတ်သက်ပြီး ရုရှားနဲ့ပတ်သက်လို့ အမေရိကန်တို့ရဲ့ အမြင်ထဲမှ အယူအဆတစ်ခုက ရုရှားမှာ လာဘ်ပေးလာဘ်ယူမှုတွေ နေရာဒေသအလိုက် ဖြစ်ပေါ်နေတယ်တဲ့၊ အဲဒီကိစ္စကို ခင်ဗျားအနေနဲ့ ဘယ်လိုကိုင်တွယ်ထိန်းချုပ်မလဲ။

ပူတင်။ ကျွန်တော်တို့ဟာ ဒီကိစ္စကို ဆိုးရွားစွာ ကိုင်တွယ်ထိန်းချုပ်နေကြပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခြေအနေမှာ အထူးသဖြင့် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲနေတဲ့အခြေအနေတွေမှာ ဒီလိုပြဿနာတွေကို တည့်မတ်စွာဖြေရှင်းဖို့ခက်ခဲပါတယ်။ ကံအကြောင်းမလှတာက ကျွန်တော်တို့မှာ လာဘ်ပေးလာဘ်ယူမှုတွေကို ထိန်းကျောင်းတဲ့စနစ်တစ်ခုမရှိသေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာ အဲဒီပြဿနာတွေကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်နေပြီလို့ ယုံကြည်ပါတယ်။

မေး ။ ကျွန်တော်တို့သမ္မတရွေးကောက်ပွဲမှာဆွေးနွေးနေကြတဲ့ ပြဿနာများအနက်မှ တစ်ခုက အစိုးရအပေါ်ယုံကြည်မှုဖြစ်ပါတယ်။ ရုရှားနဲ့ပတ်သက်လို့ အမေရိကန်တွေရဲ့ အရိုးစွဲနေတဲ့ ယုံကြည်ချက်များအနက် တစ်ခုက ဘုရားမရှိတဲ့တိုင်းပြည်တစ်ပြည်လို့ ယူဆနေခြင်းဖြစ်ပါတယ်။ ခင်ဗျားဟာ ခင်ဗျားရဲ့ ယုံကြည်ချက်ကို ပြောကြားခဲ့ပါတယ်။ ခင်ဗျားရဲ့ ခေါင်းဆောင်မှုမှ ယုံကြည်မှုဟာ ဘယ်နေရာအခန်းကဏ္ဍက ပါဝင်သင့်ပါလဲ။

ပူတင် ။ ပထမဆုံးအချက်က ပိုင်းခြားဝေဖန်တတ်တဲ့ အသိဥာဏ်ဟာ စိတ်ပိုင်းဆိုင်ရာ ၀ါဒများအပေါ် ပထမဆုံးအခြေခံရပါမယ်။ စိတ်ပိုင်းဆိုင်ရာ မူဝါဒတွေဟာ ဒီကနေ့ဘာသာရေးတန်ဖိုးတွေနဲ့ခွဲခြားလို့မရပါဘူး။ အမြင်မတူသူတွေအပေါ် ကျွန်တော့်ရဲ့ အမြင်ကို အတင်းအကြပ်ပြဌာန်းရာရောက်မှာမို့ ဒီကိစ္စကို အကျယ်တ၀င့်မပြောလိုပါဘူး။

မေး ။ ရုရှားပြည်သူတွေဟာ သမ္မတကိုအစစ်အမှန်ထောက်ခံနေကြပုံရပါတယ်။ ဒါပေမယ့် ခင်ဗျားနဲ့ အရင်းနှီးဆုံးလူတွေပဲ လာဘ်ပေးလာဘ်ယူနည်းလမ်းများမှတစ်ဆင့် ချမ်းသာလာကြတယ်လို့ လူတော်တော် များများက ယုံကြည်နေကြပါတယ်။ ၀င်ငွေမြင့်မားပြီး လူတွေချမ်းသာလာရင်ပြီးရော၊ လာဘ်ပေးလာဘ်ယူကိစ္စကို သည်းခံမယ့်သဘောလား။ ဒါပေမယ့် ဒါဟာနှစ်စဉ်ဖြစ်လာဖွယ်ရာမရှိဘူး။ လူနေမှုအဆင့်အတန်း ဆက်လက် မမြင့်မားဘဲ လာဘ်ပေးလာဘ်ယူမှုအခြေအနေ ဆိုးရွားလာရင် လူမှုရေးအုံကြွမှု ပေါ်ပေါက်မယ့် အန္တရာယ်မရှိဘူးလား။

ပူတင် ။ တကယ်လို့ လူနေမှုအဆင့်အတန်းမြင့်မားနေရင် လူမှုရေးအုံကြွမှု သို့မဟုတ် ပေါက်ကွဲမှု အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီအခြေအနေနဲ့ ကျေနပ်နေမှာမဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူ မှုကြောင့် လူအချို့ချမ်းသာလာတယ်လို့ ခင်ဗျားကပြောခဲ့တယ်။ ဘယ်သူတွေ၊ ဘယ်လိုချမ်းသာလာတာဖြစ်တယ်လို့ ခင်ဗျားသိရင်၊ ခင်ဗျားရဲ့ စိတ်ထဲမှာသေချာနေရင် ကျွန်တော်ရဲ့ထံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနထံစာရေးပါ။ ဥပဒေဘောင်တွင်းကနေ ကျွန်တော်တို့ ချက်ချင်းအရေးယူပါ့မယ်။ မကြာမီနှစ်များစွာက ကျွန်တော်ဟာ ပြဿနာ အကြောင်းကိုပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့်ဥပဒေထိန်းသိမ်းရေး အေဂျင်စီတွေနဲ့ အင်(န်)ဂျီအို အဖွဲ့အစည်းတွေဟာ ဒီပြဿနာကို လက်ပိုက်သည်းခံမနေကြပါဘူး။

မေး ။ ရာစုနှစ်ပေါင်းများစွာ ရှည်ကြာတဲ့ ရုရှားသမိုင်းက ဝိရောဓိတစ်ရပ်ကို ဖေါ်ပြနေပါတယ်။ ဇာဘုရင် သို့မဟုတ် ဘော်လ်ရှီဗစ်တွေ လက်အောက်မှာဗဟိုကချုပ်ကိုင်ထားတဲ့ အာဏာရှင်အစိုးရ အဖွဲ့တစ်ဖွဲ့အောက်၌ပဲ ဒီလိုကြီးမားကျယ်ပြန်တဲ့ တိုင်းပြည်ကြီးကို စုစည်းထားနိုင်မယ်ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါပေမယ့် ဒီတိုင်းပြည်ကို ၁၉၁၇ နှင့် ၁၉၉၁ ခုနှစ်မှာ နှစ်ကြိမ်ဦးဆောင်ခဲ့တဲ့ အာဏာရှင် အစိုးရဟာ ပြိုကွဲသွားခဲ့ပါတယ်။ အကြောင်းကတော့ အာဏာရှင်အစိုးရဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှပ်ချုပ်ချယ်ထားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူတစ်ဦးချင်းရဲ့ ဦးဆောင်ဦးရွက်ပြုမှု၊ ဆုံးဖြတ်ချက်ချနိုင်မှု၊ စီးပွားရေုး လုပ်ငန်းရှင်စိတ်ဓါတ်တို့လိုအပ်နေပါတယ်။ ဒါတွေကို အာဏာရှင်အစိုးရက ဖိနှိပ်ချုပ်ချယ်ခဲ့ပါတယ်။ ဒီဝိရောဓိအတွက် ခင်ဗျားရဲ့ဆုံးဖြတ်ချက်က ဘာဖြစ်ပါသလဲ။

ပူတင် ။ ဒါဟာ အခက်ခဲဆုံးနှင့် အရှုပ်ထွေးဆုံးမေးခွန်းတွေအနက် တစ်ခုပဲဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် အာဏာနှင့် အာဏာရဲ့စနစ်ကို ဘယ်လိုဘယ်ပုံ စုစည်းရမယ်ဆိုတဲ့ ကိုစ္စဖြစ်ပါတယ်။ ရုရှားနိုင်ငံရှိ အာဏာဟာ အချုပ်အခြာလုံခြုံရေးနဲ့ကာကွယ်ရေးကိုအပြည့်အဝအာမခံနိုင်ပါတယ်။ တိုင်းပြည်ရဲ့နယ်မြေ စုစည်းခိုင်မာမှုကို လည်း အပြည့်အဝအာမခံနိုင်ပါတယ်။ တချိန်တည်းမှာပဲ ဒါဟာဒေသဆိုင်ရာနှင့် မြူနီစီပါယ်ဒေသတို့ရဲ့ သိရှိခံစားချက်တွေကို အလွယ်တကူ လိုက်လျောတုံ့ပြန်တတ်ရမှာဖြစ်ပါတယ်။

မေး ။ ဒါဆိုရင် ခင်ဗျားဟာ ဘာကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ ရွေးကောက်ပွဲတွေကို ဘာကြောင့် ဖျက်သိမ်းပစ်သလဲ။

ပူတင် ။ ဒါဟာမမှန်ကန်ပါဘူး

မေး ။ ဟုတ်ကဲ့။ အတိအကျပြောရရင် ခင်ဗျား ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို အများပြည်သူမဲဆန္ဒနဲ့ တိုက်ရိုက်ရွေးချယ်မှုတွေကိုဖျက်သိမ်းခဲ့ပါတယ်။ ဒါကြောင့်ခင်ဗျားဟာ ပြည်သုတွေကသူတို့ရဲ့အုပ်ချုပ်ရေးမှူး တွေကို ရွေးချယ်ဖို့ ယုံကြည်စိတ်ချနိုင်တယ်ဆိုတာကို မယုံကြည်ဘူးမဟုတ်လား။

ပူတင် ။ ပြည်သူတွေက ဥပဒေပြုအမတ်ကို တိုက်ရိုက်ရွေးချယ်ပါတယ်။ ပြည်သူတွေရွေးချယ်တဲ့ အမတ် တွေက သမ္မတအဆိုပြုတဲ့သူကို အုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ပါတယ်။ ဒါကြောင့် ဒေသတစ်ခုရဲ့ ခေါင်းဆောင် တစ်ဦးဟာ တိုင်းပြည်ရဲ့ အထွေထွေအကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒေသဆိုင်ရာ ပြဿနာတွေကို ထင်ဟပ်တုံ့ပြန်နိုင်တဲ့ အခြေအနေတစ်ရပ်ကို ရရှိနိုင်ပါတယ်။

မေး ။ ယဲ့လ်ဆင်ဟာ ခင်ဗျားရဲ့ လုပ်ရည်ကိုင်ရည်ကို မြင်ခဲ့ပုံရတယ်။ ဒါ့ကြောင့် ခင်ဗျားရဲ့ သမ္မတနေရာ ဆက်ခံဖို့ ရွေးချယ်ခဲ့တာလား။

ပူတင် ။ ဟုတ်ကဲ့။ ကျွန်တော်လည်းဒီအတိုင်းပဲယူဆပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဟာ ယဲလ်ဆင်နဲ့ အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော့်ကိုကမ်းလှမ်းတဲ့အခါ ကျွန်တော်ကမဖြစ်နိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တိုင်းပြည်အခြေအနေကို သတိပြုမိလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး ဒီအတွက် ကျွန်တော်အဆင်သင့် ဖြစ်နေတယ်လို့ မသေချာတဲ့အတွက် ဖြစ်ပါတယ်။

မေး ။ ခင်ဗျားဟာ ကမ္ဘာ့ရေးရာတွေနဲ့ ပတ်သက်ပြီး ယုံကြည်မှုရှိရှိ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လူတွေက ခင်ဗျားပထမအကြိမ် သမ္မတဖြစ်လာတဲ့အခါမှာ မိမိခြေထောက်ပေါ် ရပ်တည်နိုင်ဖို့ အချိန်အတော်ကြာ ယူခဲ့ရတယ်လို့ ပြောနေကြပါတယ်။ ခင်ဗျားဟာ အမျိုးသားခေါင်းဆောင်တစ်ဦး ဘယ်အချိန်မှာဖြစ်လာသလဲ။ ခင်ဗျားရဲ့ သမ္မတရာထူးကို အဆုံးအဖြတ်ပြုတဲ့အချိန်ကာလက ဘာများဖြစ်ပါသလဲ။

ပူတင် ။ ကျွန်တော်က သမ္မတတစ်ဦးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။ တစ်ဦးတစ်ယောက်က သူ့ကိုယ်သူ အမျိုးသားခေါင်းဆောင်တစ်ဦးစဖြစ်ပြီလို့ စပြီးစဉ်းစားလိုက်တာနဲ့ သူဟာ တကယ့်ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားပါတယ်။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ရည်ညွှန်း မပြောကြားပါဘူး။ အခြားလူတွေက ဒီအသုန်းအနှုန်းကို တီထွင်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လူတွေ ဒီလိုခေါ်ဝေါ်သုံးစွဲလာအောင် လှုံ့ဆော်မှုမပြုခဲ့ပါဘူး။ ဒါပေမယ့် အမှန်တရားက ကျွန်တော်သမ္မတဖြစ်လာတဲ့အချိန်မှာ တိုင်းပြည်ဟာ ကောကေးရှပ်ဒေသမှာ ပြည်တွင်းစစ်ရဲ့ ဝရုန်းသုန်းကား အခြေအနေမှာ ပတ်သက်နေခဲ့ပါတယ်။ ကြီးမားတဲ့စီးပွားရေး အခက်ခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ လူဦးရေရဲ့ ၃၀% ဟာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက် ရောက်နေပါတယ်။ ကျွန်တော်ဟာ တိုင်းပြည်အခြေအနေ ပုံမှန်ဖြစ်အောင်လုပ်ဖို့ ဘယ်လောက်ပဲ စွန့်လွှတ်ရသည်ဖြစ်စေ ဘာမဆိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် ပြည်သူတွေရဲ့ သမိုင်းမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ဖို့ အခွင့်အရေးရတယ်လို့ပဲ ယူဆခဲ့ပါတယ်။ အထက်ပါ ရည်မှန်းချက် အတော်များများကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုအသစ်တွေတည်ရှိနေပါတယ်။ ကျွန်တော်တို့မှာ ရှေ့ဆက်လှမ်းဖို့ အခွင့်အလမ်းတစ်ရပ်ရှိနေပါတယ်။ ကျွန်တော်ဟာ ခေါင်းဆောင်တစ်ဦးအဖြစ် မိမိကိုယ်မိမိ ဘယ်တုံးကမှ မခံစားမိဘူး။ အလွန်တရာလေးလံတဲ့ ကုန်ပစ္စည်းတစ်ခုကို ဆွဲနေရတဲ့ အလုပ်လုပ်တဲ့ မြင်းတစ်ကောင်လို့ပဲယူဆပါတယ်။ ကျွန်တော်ရဲ့အောင်မြင်မှုတွေကို ဘယ်လောက်မြန်မြန်နဲ့ ဘယ်လောက် ကောင်းကောင်း ကြိုးပမ်းနိုင်သလဲဆိုတဲ့ အချက်များအပေါ်မူတည်ပြီး တိုင်းတာပါတယ်။

No comments: