Tuesday, May 27, 2008

ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ဒဏ်သင့်မြန်မာနိုင်ငံအား အကူအညီပေးရန်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ရောက်ရှိ


ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံအား အကူအညီပေးရန်အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ(၂၂)ရက် နံနက်(၈)နာရီမိနစ်(၅၀) တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် မေလ(၂၃)ရက်နေ့ နံနက်(၁၀)နာရီခွဲတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ကြောင့် အသက်ရှင်ကျန် ရစ်သူ ၂ ဒသမ ၄ သန်းခန့်ကိုကူညီရန် နိုင်ငံတကာအကူအညီပေးရေး လုပ်သားအားလုံးကို နိုင်ငံတွင်းဝင်ရောက် ရန် ခွင့်ပြုသဘောတူခဲ့သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။

“နိုင်ငံတကာအကူအညီပေးရေး လုပ်သားအားလုံးကို နိုင်ငံတွင်းဝင်ရောက်ဖို့ ခွင့်ပြုသဘောတူခဲ့တယ်”ဟု ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှစ်နာရီကျော်ကြာတွေ့ဆုံအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေရေးအတွက် နိုင်ငံတကာ ဗဟိုချက်မနေရာအဖြစ် အသုံးပြုရန်လည်း ခွင့်ပြုသဘောတူခဲ့သည်ဟု ဘန်ကီမွန်းက ပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့သည် မုန်တိုင်းဒဏ်သင့်ဒေသ များဖြစ်သည့် ဒေးဒရဲနှင့် မော်လမြိုင်ကျွန်းမြို့နယ်များသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် သွားရောက် လေ့လာပြီး နောက်တစ်ရက်တွင် ယခုလိုတွေ့ဆုံကြခြင်းဖြစ်သည်။

ထို့ပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်လည်း ရန်ကုန်မြို့ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်တွင် မေလ(၂၂)ရက် နံနက်(၁၁)နာရီတွင် တွေ့ ဆုံခဲ့ကြောင်း သိရှိရသည်။

ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ရာတွင် ဒုတိယ နှင့် တတိယအဆင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အချိန်ပိုလိုအပ်ပြီး နိုင်ငံတကာမှနည်းပညာ နှင့် ပစ္စည်းအကူအညီများလည်း လိုအပ်သည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် မေ လ(၂၂)ရက်နေ့ကကျင်းပခဲ့သည့် နာဂစ်လေဘေးကယ်ဆယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အလှူ ရှင်များအား ရှင်းလင်းပြောကြားသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်က “အရေးပါသည့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နိုင်ငံ တကာမှအကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများလိုအပ်နေသည့်အလျောက် အာဆီယံဦးဆောင်သော ညှိနှိုင်းရေး ယန္တရားတစ်ရပ် တည်ထောင်ရေးကိစ္စကို မိမိတို့အနေဖြင့် သဘောတူခဲ့ပါကြောင်း၊ ယင်းအာဆီယံညှိနှိုင်းရေး ယန္တရားသည် မိမိတို့နိုင်ငံတွင် ထူထောင်ထားသော အမျိုးသားညှိနှိုင်းရေးယန္တရားနှင့် နီးကပ်စွာပူးပေါင်းဆောင် ရွက်သွားရမှာဖြစ်ကြောင်း၊ လာမည့်မေလ(၂၅)ရက်နေ့တွင်လည်း နိုင်ငံတကာအလှူရှင်များမှ လှူဒါန်းသည့်ပမာဏ ကို ကတိက၀တ်ပြုကြမည့် အာဆီယံ-ကုလသမဂ္ဂကွန်ဖရင့်တစ်ရပ်ကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပသွားမှာ ဖြစ်တယ်”ဟု အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ နိုင်ငံတကာအကူအညီပေးရေး လုပ်သားများအား နိုင်ငံတွင်းဝင်ရောက်ရန် ခွင့်ပြုသဘော တူခဲ့မှုနှင့်ပတ်သက်၍ ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ဒဏ်သင့်ဒုက္ခသည်များအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများ(INGOs)က ကြိုဆိုခဲ့ကြသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်း သိရသည်။

မေလ(၂)ရက်နေ့နှင့် (၃)ရက်နေ့များက တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ကြောင့် ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် ပျက်စီးဆုံးရှုံးမှုများ၊ လူသေဆုံး၊ ပျောက်ဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ၊ တိရစ္ဆာန်များ သေကျေပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ (၁၃၃၆၅၅)ဦးရှိကြောင်း အစိုးရမှတရား ၀င်ထုတ်ပြန်ခဲ့သည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရသိရှိရသည်။

No comments: