ပြည်နယ်နှင့်တိုင်းများရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်နှစ်ရာကျော်တို့သည် သဘာဝဘေးဒဏ်ကြောင့်ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်ပြည်သူများအခက်အခဲနှင့်တွေ့ကြုံနေရမှုကို နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့နှင့်အတူ လက်တွဲပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်အတွက် လေဘေးသင့်ဒေသများသို့ သွားရောက်ကြပြီဖြစ်သည်။
နိုင်ငံတော်က လေဘေးသင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေချိန်တွင် အသင်းကြီး၌ ပါဝင်လျက်ရှိသည့် မျိုးဆက်သစ်လူငယ်များ၏ တက်ကြွစွာလုပ်ဆောင်မှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၌ ရှေ့တန်းမှဆောင်ရွက်နေမှုများကိုလည်းအထင်အရှား တွေ့မြင်ရတော့မည် ဖြစ်သည်။
ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေးကိစ္စအဝဝကို သူ့တာဝန် ကိုယ့်တာဝန်မခွဲခြားဘဲ စေတနာ၊ ကရုဏာအပြည့်အဝဖြင့် ပံ့ပိုးကူညီပြီး မိသားစုဝင်များသဖွယ် လက်ပွန်းတတီးနေထိုင်သွားကြမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရနှင့်အတူ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အသင်းဝင်များအနေဖြင့် အားကြိုးမာန်တက် ဆောင်ရွက်ကြရာတွင် တာဝန်များကို ကျေပွန်ရုံသာထမ်းဆောင်ခြင်းမျိုးမဟုတ်ဘဲ ဒေသခံများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်စေတနာ တက်ကြွစွာ ပါဝင်ကြိုးပမ်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတဝန်းလုံးရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကကလည်း လေဘေးသင့်ပြည်သူတစ်ရပ်လုံးအတွက် စေတနာ၊ သဒ္ဓါထက်သန်စွာ မျိုးချစ်စိတ်ဓာတ်အရင်းခံဖြင့် အားတက်သရော အဆက်မပြတ် ထောက်ပံ့ကူညီပေးလျက်ရှိကြသည်။
အသင်းဝင်များသည် အသင်းကြီး၏မွန်မြတ်မှန်ကန်သည့် ဦးဆောင်မှုဖြင့် နယ်မြေဒေသအသီးသီးတွင် နိုင်ငံတော်၏ ထူထောင်ရေးလုပ်ငန်းစဉ်များ၌ အားမာန်အပြည့်ဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ပါဝင်ဖော်ဆောင်လျက်ရှိသည်။
ရပ်ရေး၊ ရွာရေးသည် အမျိုးသားရေး၏ လူမှုရေးဆိုင်ရာ အခြေခံအုတ်မြစ်ဖြစ်ရာ အသင်းဝင်များအနေဖြင့် ပြည်သူများ၏ လူမှုရေးဆိုင်ရာ လုပ်ငန်းကိစ္စအဝဝကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး အသင်းကြီး၏ လူမှုရေးဆိုင်ရာအခြေခံမူများနှင့်အညီ ကျေပွန်စွာသယ်ပိုးထမ်းဆောင်သွားနိုင်ကြမည်ဟု ယုံကြည်ပါကြောင်းရေးသား လိုက်ရပါသည်။

No comments:
Post a Comment