Friday, June 27, 2008

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ဆိပ်ခံဗောတံတားများပြင်ဆင်ပြီးစီးမှုရေယာဉ်များဖြင့် ကုန်သည်သယ်ဆောင်မှု....


ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ရှိ ဆိပ်ခံဗောတံတားများ ပြင်ဆင်ပြီးစီးမှု၊ မြစ်ဝကျွန်းပေါ်မှ ရန်ကုန်မြို့နှင့် အနယ်နယ်အရပ်ရပ်သို့ ကုန်စည်များ ပုံမှန်သွက်လက်မြန်ဆန်စွာ စီးဆင်းနေမှုနှင့် မြစ်ကြောင်းတစ်လျှောက်၌ ရေယာဉ်များပုံမှန်သွားလာနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် တာဝန်ရှိသူများလိုက်ပါလျှက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးရှိ မြန်မာမန်း အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီလီမီတက်သို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဌေးက မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြစ်အတွင်းရှိ ဆိပ်ခံဗောတံတားအချို့ပျက်စီးမှု၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အင်ဂျင်နီယာအဖွဲ့ဝင်များက ပြင်ဆင်ဆောင်ရွက်နေမှု၊ ပျက်စီးသွားသောဆိပ်ခံဗောတံတားများအနက် ခြောက်စင်းကို ပြင်ဆင်တပ်ဆင်ပြီးစီးမှု၊ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်အတွင်း နစ်မြုပ်သွားသော ရေယာဉ်များနှင့် သောင်တင်သွားသော ရေယာဉ်များအနက် ၇၃ စင်းအား ဖော်ယူဆောင်ရွက်ပြီးစီးမှု တို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာမန်း အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီလီမီတက်ဥက္ကဋ္ဌ ဦးတီတိုးနှင့် ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးကြီးမှ ငါးဒိုင်လုပ်ငန်းရှင်များက ငါးဖမ်းသင်္ဘောများ လုပ်ငန်းခွင်ဝင်ရောက်နေမှု၊ မြစ်ဝကျွန်းပေါ်မှ ရေချိုငါးများ ပုံမှန်အတိုင်း တစ်ရက်လျှင်တန်ချိန် တစ်သိန်းခွဲ ဝင်ရောက်လာမှု၊ မုန်တိုင်းသင့်ဒေသများဖြစ်ကြသော ဧရာဝတီတိုင်းလပွတ္တာနှင့် ဘိုကလေးတို့မှ မြစ်ချောင်းအင်းအိုင်ရေချိုငါးများ ဝင်ရောက်မှု၊ ပုစွန်တုပ်၊ ပုစွန်ပြောင်တုပ်၊ ပုစွန်ဘော့ချိတ်နများ ဝင်ရောက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက လုပ်ငန်းဆိုင်ရာများနှင့်သိရှိလိုသည်များကို မေးမြန်းပြီး ကုန်စည်များသွက်လက်မှန်ကန်စွာ စီးဆင်းနိုင်ရေးအတွက် ပြုပြင်ရန်ကျန်ရှိနေသော ဆိပ်ခံဗောတံတားများကို အမြန်းဆုံးပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူများက အချိန်ပြည့်ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် တိုင်းမှူးဗိုလ်မှူးချုပ်ဝင်းမြင့်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ကြည့်မြင်တိုင်မြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အမှတ် ( ၅ ) ဆိပ်ခံဗောတံတား ပြန်လည်တပ်ဆင်ရန် စီစဉ်ထားရှိမှု၊ အမှတ် ( ၃ ) ဆိပ်ခံတံတား ပြင်ဆင်ပြီးစီးမှု၊ ငါးဖမ်းရေယာဉ်များဖြင့် မြစ်ဝကျွန်းပေါ်ရှိ ရေချိုငါးများဝင်ရောက်လာမှု၊ ကြည့်မြင်တိုင်မြိုနယ် ဈေးကြီးဆိပ်ခံဗောတံတား ပြင်ဆင်ပြီးစီးမှု၊ မြစ်ဝကျွန်းပေါ်မှ ရန်ကုန်မြို့သို့ ရေယာဉ်များဖြင့် ဆန်နှင့်ကုန်စည်များဝင်ရောက်မှုနှင့်အမှတ် (၁) လှည်းတန်းဗောခံတံတား ပြငိဆင် ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မြန်မာံဆိပ်ကမ်းအာဏာပိုင်က မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြစ်အတွင်း ပျက်စီးသွားခဲ့သော ဆိပ်ခံဗောတံတားများကို အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကြည့်မြင်တိုင်ဈေးကြီး ဆိပ်ခံဗောတံတား၊ ဝါးတန်း အမှတ် ( ၆ ) ဆိပ်ခံဗောတံတား၊ လှည်းတန်း အမှတ် ( ၁ )နှင့် အမှတ် ( ၂ ) ဆိပ်ခံဗောတံတား၊ ဒလခရီးသည် ဆိပ်ခံဗောတံတားနှင့် မင်းရဲကျော်သူ ဆိပ်ခံဗောတံတားများကို ပြန်လည်ပြင်ဆင်တပ်ဆင်ပြီးဖြစ်သည်။ကျန်ရှိသော ဆိပ်ခံဗောတံတားများကိုလည်း အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

No comments: