လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အတူ မော်တော်ယာဉ်စီးရေနှင့် မော်တော်ယာဉ်သုံးစွဲမှုများလည်း များပြားလာလျက်ရှိသည်။ လူနေမှုစည်ကားသည့် မြို့ကြီးများတွင် နေ့စဉ်သွားလာလှုပ်ရှားနေကြသည့် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး လိုအပ်သည်။
ယခုအခါ မြို့တွင်း ၊မြို့ပြင်လမ်းများ ကျယ်ဝန်းကောင်းမွန်လျက်ရှိရာ ယာဉ်မောင်းသူ တချို့၏ ယာဉ်စည်းကမ်း ချိုးဖောက်မှု ၊ မဆင်မခြင် မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုနှင့် ယာဉ်မတော်တဆမှုများဖြစ်ပွားပြီး သေကျေထိခိုက်ဒဏ်ရာ ရရှိမှုများ မကြာခဏတွေ့ကြုံနေရပါသည်။
အထူးသဖြင့် ခရီးသည်တင်ယာဉ်များနှင့် ကြို၊ပို့ယာဉ်များ ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေး စည်းကမ်းရှိစွာ ပြေးဆွဲကြရန်လိုပေသည်။ ခရီးသည်တင်ယာဉ်များ မောင်းနှင်ရာတွင် ယာဉ်တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင်မောင်းနှင်ခြင်း ၊ မှတ်တိုင်များ အချိန်ကြာမြင့်စွာ ပိတ်ဆို့ရပ်တန့်နေခြင်းနှင့် လမ်းကြောင်းမှားယွင်းစွာ ကျော်တက်ခြင်းစသည့် စည်းကမ်းဖောက်ဖျက်မှုများ မပြုလုပ်မိစေရန် ယာဉ်မောင်းသူများ အထူးသတိပြုကြရမည်ဖြစ်သည်။
ခြေကျင်လျှောက်သူများသည်လည်း သတ်မှတ်လူကူးမျဉ်းကျားမှ မကူးခြင်း၊ လူသွားစင်္ကြံမှ မသွားဘဲ စည်းကမ်းမဲ့စွာ ကားလမ်းပေါ်သို့ တက်လျှောက်ခြင်း ၊ စည်းကမ်းတကျ လမ်းဖြတ်မကူးခြင်းတို့ကြောင့် ယာဉ်အန္တရာယ်များဖြင့် တွေ့ကြုံရလေ့ရှိသည်။
နှစ်စဉ်ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများတွင် ယာဉ်မောင်သူများ၏ မဆင်အခြင်မောင်းနှင်မှုများကြောင့် အများဆုံးဖြစ်လေ့ရှိသကဲ့သို့ လမ်းဖြတ်ကူသူများ၏ ပေါ့ဆမှုနှင့် စက်ကိရိယာပိုင်း ချွတ်ယွင်းအားနည်းမှုများကြောင့်လည်း ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
ယာဉ်များ စည်းကမ်းနှင့် အညီမောင်းနှင်ရေး၊ ခရီးသွားပြည်သူများ လူကူးမျဉ်းကျားနှင့် လူကူးခုံကျော်တံတားတို့မှ လမ်းဖြတ်ကူးရေး အသိပညာပေးမှုများနှင့် အတူ ယာဉ်ကြောရှုပ်ထွေးမှုများ ၊ အဓိကလမ်းမကြီးများတစ်လျှောက် ယာဉ်ကြောပိတ်ဆို့နေမှုများ လျော့နည်းရေးကို သက်ဆိုင်ရာကဆက်လက် ကြပ်မတ်ဆောင်ရွက် ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ယာဉ်မောင်းသူများ၊ ခရီးသွားပြည်သူများနှင့် အနှေးယာဉ်များကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိနားလည်ပြီး အလေးထားလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment