နိုင်ငံတော်အစိုးရကဦးဆောင်ပြီး ပြည်သူများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်မှုဖြင့် လေဘေးသင့်ဒေသများ ပြန်လည်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံဖော်ဆောင်ပေးလျက်ရှိသည်။
ယခုအခါ လေဘေးသင့်ဒေသများ၌ ဘုန်းတော်ကြီးကျောင်းများ ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြင်ဆင်တည်ဆောက် ပေးနိုင်ခဲ့ပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် နိုင်ငံတော်၏ ထောက်ပံ့စီစဉ်မှု ၊ စေတနာရှင်များ ပူးပေါင်းပါဝင်မှုဖြင့် ဘိုကလေးမြို့နယ် ကြိမ်းချောင်းကြီးကျေးရွာနှင့် စက်ဆန်းကျေးရွာများ၌ အိုးအိမ်ပျက်စီး ဆုံးရှုံးသွားသည့် ပြည်သူများအတွက် အနံ၁၆ပေ ၊ အလျားပေ၂၀ အကျယ်ရှိ အုတ်ဖိနပ်ခံ၊ သွပ်မိုး၊ ပျဉ်ခင်း၊ပျဉ်ကာ အခိုင်အမာနေအိမ်များကို သက်ဆိုင်ရာ ကုမ္ပဏီများက စတင်ဆောက်လုပ်ပေးနေပြီ ဖြစ်သည်။
ထို့ပြင်လေဘေးသင့် ဒေသများတွင် လမ်းပမ်းဆက်သွယ်ရေး ၊ ကျန်းမာရေး၊ ပညာရေးနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ အပါအ၀င် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူ သက်ဆိုင်ရာကုမ္ပဏီများ၏ ပူးပေါင်းကူညီမှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ဒေသခံ ပြည်သူများ၏ မြို့ပြကျေးရွာများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လျင်မြန်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဆားလုပ်ငန်း စသည့် မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် လုပ်ငန်းခွင်သုံးပစ္စည်း ၊ နည်းပညာနှင့် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးလျက်ရှိသည်။
နိုင်ငံတော် စီးပွားရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားတိုးတက်မြှင့်မားရေးတို့တွင် အဓိကကျသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ဆားလုပ်ငန်းနှင့် ရေလုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး အတွက် ဒေသခံပြည်သူများက ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။
လေဘေးသင့် ဒေသများ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း နှင့် လူနေမှုအဆင့်အတန်းများ ယခင်မူလအခြေအနေထက် ပိုမိုတိုးတက်မြင့်မားလာစေရေး အတွက် နိုင်ငံတော်က စေတနာဖြင့် စီမံဖော်ဆောင်ပေးလျက်ရှိသည်။
မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဒေသများ၌ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဒေသလိုအပ်ချက်နှင့်အညီ စီမံဖြည့်ဆည်းပေးရာတွင် တိုင်းရင်းသားလုပ်ငန်းရှင်များ အပါအ၀င် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဖော်ဆောင်လျက်ရှိရာ လေဘေးသင့် ဒေသများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများ လျင်မြန်စွာ တိုးတက်ကောင်းမွန်လာပြီ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment