မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ အိုးအိမ်မဲ့ဖြစ်သွားသော ပြည်သူများအတွက် နိုင်ငံတော်၏ ထောက်ပံ့စီမံမှုများဖြင့် ၁၆ပေxပေ၂၀ အကျယ်ရှိ အုတ်ဖိနပ်ခံ၊ သွပ်မိုး၊ ပျဉ်ခင်း ၊ ပျဉ်ကာ အမြဲတမ်းနေထိုင်နိုင်သည့် လူနေအိမ်များကို ဆောက်လုပ်ပေးလျက်ရှိသည့်အပြင် လေဘေးသင့်ပြည်သူ များ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးကိုလည်း အထောက်အကူပြု မတည်ဆောင်ရွက်ပေးလျက် ရှိသည်။
ပြင်ဆင်ဆောင်ရွက်
ယင်းကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ထူးထရေးဒင်းကုမ္ပဏီက လူနေအိမ် ၁၁၆လုံး ကို ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာ၌လည်းကောင်း၊ ငွေဆင်ကုမ္ပဏီက နေအိမ် ၁၀၈လုံးကို ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ၌လည်းကောင်း၊ CB Bank ဥက္ကဌ ဦးခင်မောင်အေးက နေအိမ် ၁၂၄လုံးကို ဖျာပုံမြို့နယ် ကဒုံကန်းကျေးရွာ၌ လည်းကောင်း၊ ဧဒင်အုပ်စုကုမ္ပဏီ မန်နေဂျင်း၊ဒါရိုက်တာ ဦးချစ်ခိုင်က ဒေးဒရဲမြို့နယ် ကျုံဒါးကျေးရွာနှင့် တိုးကျေးရွာတို့၌ နေအိမ် ၆၅ လုံးစီ စုစုပေါင်းနေအိမ် ၁၃၀ကိုလည်းကောင်း ဆောက်လုပ်လှူဒါန်းလျက်ရှိကြပြီး ကမ္ဘောဇအုပ်စုကုမ္ပဏီဥက္ကဌ ဦးအောင်ကိုဝင်းက နေအိမ်အလုံး ၁၀၀၀ကို လပ္ပတ္တာမြို့နယ်အတွင်း၌ ဆောက်လုပ်လှူဒါန်းရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
စာရင်းပေးသွင်း
ထို့အပြင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ကနေအိမ်အလုံး ၂၀၀၊ မြန်မာနိုင်ငံဘဏ်များအသင်းက နေအိမ်အလုံး ၂၀၀၊ FMI ရွှေသံလွင် အရုဏ်ဦး ကုမ္ပဏီသုံးခုက နေအိမ် အလုံး ၆၁၆လုံး၊ ယုဇနကုမ္ပဏီက နေအိမ်၃၈၅လုံး ၊အေးရှားဝေါကုမ္ပဏီက နေအိမ် ၃၅၆လုံး၊ဇေကမ္ဘာကုမ္ပဏီက နေအိမ်အလုံး ၂၀၀၊ မက်စ်မြန်မာကုမ္ပဏီက နေအိမ်အလုံး ၂၀၀၊ တက်လမ်းဆောက်လုပ်ရေးက နေအိမ်အလုံး ၁၃၀၊ဂိုးလ်ဒင်းဖလားဝါးကုမ္ပဏီ နေအိမ်အလုံး ၁၀၀၊အော်ရီဂျင်နယ်ဂရု(ပ်)က နေအိမ်အလုံး ၉၀တို့ကိုလည်းကောင်း ၊ထပ်မံ၍ တော်ဝင်မိသားစုကုမ္ပဏီက နေအိမ်အလုံး ၃၂၀နှင့်အောင်ချမ်းသာကုမ္ပဏီမှ ဦးနော်အောင်က နေအိမ်အလုံး ၅၀ကိုလည်းကောင်း၊အခြားစေတနာရှင်များကလည်းကောင်း ဆောက်လုပ်လှူဒါန်းသွားရန် စာရင်းပေးသွင်းလျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment