Friday, July 4, 2008

ကျန်းမာရေးအသိပညာပေးမှု အစဉ်သတိပြု ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုရှောင်ကြဉ်

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နှစ်စဉ်မေလ၃၁ရက်နေ့ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်ကင်းဝေးရေး စီမံချက်ကို ၂၀၀၀ပြည့်နှစ်တွင် စတင်ဖော်ဆောင်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ပြည်သူများ ရောဂါဘယကင်းဝေးစေရေးအတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတပြည့်ဝစေရေး ဖြန့်ဝေအသိပေးလျက်ရှိသည်။ ပြည်သူများ ကျန်းမာရေးဆိုင်ရာ သိရှိသတိပြုရမည့် အကြောင်းအရာများတွင် ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်လည်းပါဝင်သည်။
ဆေးလိပ်သောက်သုံးသူများသည် အဆုတ်ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ ၊ လေဖြတ်ရောဂါ စသည့်ရောဂါဝေဒနာများ ဖြစ်ပေါ်တတ်ပြီး မလွှဲမရှောင်သာ ဆေးလိပ်ငွေ့ရှုရှိုက်ရသူများသည်လည်း မိမိကိုယ်တိုင်သောက်သုံးသူကဲ့သို့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများရရှိနိုင်သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သူ သန်းတစ်ထောင်ကျော်ရှိပြီး နှစ်စဉ်ဆေးလိပ်သောက်ခြင်း အန္တရာယ်ကြောင့် သေဆုံးသူ ငါးသန်းနီးပါးရှိကြောင်း သိရသည်။ ထို့ကြောင့် ဆေး လိပ်သောက်သုံးမှုကို ပိတ်ပင်တားဆီးရေးနှင့် ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ဖန်တီးနိုင်ရေး ကြိုးပမ်းနေကြသည်။
သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှုရှိုက်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ရောဂါအန္တရာယ်မှ ကာကွယ်တားစီးရေးအတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို နိုင်ငံတော်က ထုတ်ပြန်ခဲ့သဖြင့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်ခွင့်ကို တင်းကျပ်စွာ ပိတ်ပင်တားမြစ်ထားသည်။
အဆိုပါ ဥပဒေ ပြဋ္ဌာန်းခြင်းဖြင့် ကလေးသူငယ်နှင့် လူငယ်များအပါအ၀င် အများပြည်သူတို့ကို ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးခြင်းအလေ့အထမှ တားဆီးကာကွယ်နိုင်မည်ဖြစ်၍ ပြည်သူများ ကျန်းမာသုခပြည့်ဝပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများ တိုးတက်မြင့်မားလာမည် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူအားလုံးက ကျန်းမာရေးအသိရှိရှိဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှုမှ ရှောင်ကြဉ်ကာ ကျန်းမာရေးပညာပေးမှုများကို အစဉ်သတိပြုလိုက်နာဆောင်ရွက်ခြင်းဖြင့် အသက်ရှည်ကျန်းမာရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: