ဧရာဝတီတိုင်းဒေသအချို့တွင် သဘာဝဘေးအန္တာရာယ် ဖြစ်ပေါ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို လူသားတို့၏ စိတ်ဓာတ်စွမ်းအား စေတနာစွမ်းအား စည်းလုံးညီညွတ်မှုစွမ်းအား တို့ဖြင့် ပြန်လည်ထူထောင် တည်ဆောက်နေကြ သည်ကို တွေ့ရသည်။
နိုင်ငံတော်အစိုးရက လေဘေးသင့်ဒေသမှပြည်သူများ၏ နေထိုင်စားသောက်ရေး မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များကို အဘက်ဘက်က စီမံဖြည့်ဆည်းပေးလျက်ရှိသည်။တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက စံပြကျေးရွာများ တွင်နေအိမ်များ ယာယီစာကြည့်တိုက် ဆေးပေးခန်းများဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများပံ့ပိုးဖြန့်ဝေရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
မော်လမြိုင်ကျွန်းမြို့နယ် လေဘေးသင့်ဒေသ ကျေးရွာအုပ်စုများ သို့ကျွဲ နွား အကောင်နှစ်ရာကျော်နှင့် လက်တွန်းစက် အစီးးလေးရာကျော် ပေးပို့ထားပြီးဖြစ်ရာ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသည်။
ထို့အပြင် မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာနက ငါးဖမ်းစက် လှေအစင်း ၁၅၀ ငါးဖမ်းပိုက်မျိုးစုံ ၆၀၈ဖုံနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ငါးဖမ်းပိုက်အမျိုးမျိုး အဖုံ ၉၀၀ကျော်တို့ကို မော်လမြိုင်ကျွန်းမြို့နယ်ရှိ ရေလုပ်သားများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ အလားတူ ဘိုကလေးမြို့နယ်တွင်လည်း ငါးဖမ်းစက်လှေများနှင့် ငါးဖမ်းပိုက်များကို ရေလုပ်သားများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် လေဘေးသင့်ဒေသများအတွင်း ဆက်သွယ်သွားလာမှု ပိုမိုအဆင်ပြေစေရေးအတွက် လမ်းများ ဖောက်လုပ်လျက်ရှိရာ ဘိုကလေး-ကြိမ်ချောင်း လမ်းပိုင်းနှင့် ဘိုကလေးမြို့နယ် ဒေါင့်ကြီးကျွန်းပတ်တာတို့ကို စက်ယန္တရားများ အသုံးပြုလုပ်ကိုင်လျက်ရှိသည်။
ယခုအခါ လေဘေးသင့်ဒေသများ၏ ပြန်လည်ထူထောင်တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်၏ ပံ့ပိုးပေးမှုစေတနာရှင်အလှူရှင် တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ၀ိုင်းဝန်းကူညီမှုတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများက မိမိတို့၏ စီးပွားရေးလုပ်ငန်းများ အလိုက် ၀ီရိယ ထားကြိုးပမ်းလုပ်ကိုင်ကြခြင်းဖြင့် လူမှုစီးပွားဘ၀ ယခင်ကထက်ပိုမိုမြင့်မားတိုးတက်လာမည် ဖြစ်ပါသည်။

No comments:
Post a Comment